ထိုင်းနိုင်ငံတွင် ရာဘာစျေး မြင့်တက်လာ

ထိုင်းနိုင်ငံတွင် ရာဘာစျေး မြင့်တက်လာ
by -
ရိုင်မရော့
လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက ထက်ဝက်ကျော်ကျဆင်းသွားသည့် ရာဘာစျေးသည် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံတွင် ရာဘာစျေးမြင့်တက်လာနေသည်ဟု ထိုင်းနိုင်ငံ ရာဘာခြံတွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရ ...

လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက ထက်ဝက်ကျော်ကျဆင်းသွားသည့် ရာဘာစျေးသည် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံတွင် ရာဘာစျေးမြင့်တက်လာနေသည်ဟု ထိုင်းနိုင်ငံ ရာဘာခြံတွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။

“ဇူလိုင်လလောက်မှာ ရာဘာစျေးက စတက်လာတယ်၊ ဒါပေမယ့် တစ်နယ်နဲ့ တစ်နယ်နဲ့တော့မတူဘူး၊ ဘာပဲဖြစ်ဖြစ်လေ ဒီလို ရာဘာစျေးတွေတက်လာတော့ ကျနော်တို့အတွက် အဆင်ပြေတယ်” ဟု ဟတ်ယိုင်းခရိုင်တွင် ရော်ဘာအစေးခြစ်နေသည့် မွန်အလုပ်သမားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ထိုင်းနိုင်ငံ၏ ရာဘာစျေးသည် တစ်ကီလိုလျင် ရ၀ ဘတ််ရှိပြီး၊ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်လဆန်းပိုင်းမှာ တစ်ကီလို ၁၀၀ ဘတ်ကျော်မှ အောက်တိုဘာလလောက်မှစပြီး တစ်ကီလို ၄၀ ဘတ်ထိကျဆင်းလာသည်။

“ကျမတို့ခြံရှင်တွေ ပြောတာက ဒီထက်တက်ဖို့ရှိသေးတယ်၊ ကျမတို့လည်း ဒီထက်ပိုတက်ဖို့ မျော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရာဘာစျေးကျပြီးကတည်းက အိမ်ကိုလည်း ပိုက်ဆံ သိပ်မပို့နိုင်ဘူး၊ အိမ်လည်း အခတ်ခဲဖြစ် ကျမတို့လည်း အခတ်ခဲဖြစ်တယ်၊ လုပ်ရသလောက် စားစရိတ်အတွက်တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု သားသမီးကို ဌာနေရှိ မိဘများထံတွင် အပ်နှံပြီး ထိုင်းနိုင်ငံတွင် ရာဘာခြစ်နေသည့် အိမ်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်နှစ်နှောင်းပိုင်းလောက်က ရာဘာစျေးအဆမတန်ကျဆင်းလာခြင်းကြောင့် ရာဘာကို မှီခိုလုပ်ကိုင်နေကြသည့် မွန်ပြည်နယ်အတွင်းရှိ ရာဘာလုပ်သားများအပါဝင် ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများလည်း အခတ်ခဲကြုံတွေ့နေကြသည်။

ထိုင်းနိုင်ငံတွင် ယခုလို ရာဘာစျေးတက်နေသော်လည်း မြန်မာနိုင်ငံတွင် ရာဘာကို အဓိကထား လုပ်ကိုင်နေသည့် မွန်ပြည်နယ်မှာ မနှစ်က မိုးရာသီအဝင်မှာ ရာဘာတစ်ပေါင်လျင် ၁၄၀၀ ကျပ်ထိရှိရာ ၄င်းမှစျေးကျဆင်းလာကာ ၄၀၀ ကျပ်ဝန်းကျင်ထိကျသွားသည်။ မတ်လမှစပြီး တစ်ပေါင်ကို ၆၅၀ ကျပ်နှင့် ရ၀၀ ကျပ် အနည်းငယ်တက်သွားပြီး ယခုချိန်ထိ စျေးငြိမ်နေသည်။

စိုက်ပျိုးရေးမန်နေဂျာဟောင်းတစ်ဦးကလည်း ဒီလိုရာစျေးအဆမတန်ကျဆင်းနေတာဟာ အတိကျတော့မသိပေမဲ့လည်း ကမ္ဘာ့စျေးကွက်ကြောင့်လို့ ပြောနိုင်တယ်၊ ရာဘာကို အဓိကအားထားနေသည့် မွန်ပြည်နယ်မှာဆိုလျင် အခက်ခဲဖြစ်နိုင်သည်ဟု သူက ပြောသည်။

၂၀၀၆-၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ရာဘာစိုက်ပျိုးမြေဧက ရ သိန်းကျော်ရှိပြီး အတွက်တန်ချိန် ရ သောင်းကျော် ထွက်ရှိသည့်အနက် တန်ချိန် ၆ သောင်းကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်၊

မြန်မာနိုင်ငံအတွင်း တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရာဘာအများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် ရာဘာစိုက်ပျိုးမြေဧက ၄ သိန်းပြည့်မီရန် လျာထားချက်ရှိသည်ဟု စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ကမ္ဘာမှာ ရာဘာဝယ်လိုအား အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရာဘာများကို ရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ အများဆုံးတင်ပို့ကာ စျေးကွက်ရရှိ လျက်ရှိသည်။

Most read this week