လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ

လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
by -
နန်းဒေဝီ
မြန်မာနိုင်ငံတွင် အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးကာ အကျဉ်းထောင်များမှ ပြန်လွှတ်ပေးပါက အထိန်းသိမ်းခံ စစ်ထောက်လှမ်းရေးများ ပါဝင်လာဖွယ်ရှိကြောင်း တပ်တွင်း သတင်းတရပ်က ဆို ...

 
နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာနိုင်ငံတွင် အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးကာ အကျဉ်းထောင်များမှ ပြန်လွှတ်ပေးပါက အထိန်းသိမ်းခံ စစ်ထောက်လှမ်းရေးများ ပါဝင်လာဖွယ်ရှိကြောင်း တပ်တွင်း သတင်းတရပ်က ဆိုသည်။
 
ယခုလအတွင်း ကုလလုံခြံုရေး ကောင်စီတွင် အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောဆိုသည်ကို မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု တုံ့ပြန် ပြောဆိုခဲ့ပြီးနောက် ယခုသတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
 
၂၀၁၀ ရွေးကောက်ပွဲ စည်းမျဉ်းများ သို့မဟုတ် ၂၀၁၀ ရွေးကောက်ပွဲ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ပြီး၊ ထိုအထဲတွင် စစ်ထောက်လှမ်းရေး အရာရှိများ ပါဝင်မည်ဖြစ်ကြောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကို နေအိမ်အကျယ်ချုပ် ဆက်ထားဖွယ်ရှိကြောင်း သတင်းက ဆိုသည်။
 
၂၀၀၄ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး၊ သူနှင့်အတူ စစ်ထောက်လှမ်းရေး အရာရှိ အများအပြား အဖမ်းခံခဲ့ရသည်။
 
စစ်အစိုးရက ၂၀၀၈ ခု စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းသားပေါင်း ၉၀၀၂ ဦး ပြန်လွှတ်ပေးခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ၆၃၁၃ ဦး လွှတ်ပေးခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားမှာ အနည်းငယ်သာ ပါဝင်ခဲ့သည်။
 
ကုလဆိုင်ရာ မြန်မာသံအမတ် ဦးသန်းဆွေက  အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာဖြစ်ကြောင်း ဇူလိုင်လ ဒုတိယပတ်အတွင်း နယူးယောက်တွင် သံတမန်များကို ပြောသည်။
 
”(ကုလ) အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ မြန်မာအစိုးရဟာ လူသားချင်း စာနာထောက်ထားပြီးတော့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာဖြစ်ပါတယ်” ဟု ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြံုရေးကောင်စီတွင် ပြောခဲ့သည်။

Most read this week