ချင်းမိုင် (မဇ္စျိမ)။ ။ လအတန်ကြာ ဆိုးရွားစွာ မီးပြတ်တောက်မှုများနေခဲ့သည့် ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို ယခုလလယ်မှစ၍ မီးလာချိန် တိုးတက် များပြားလာသည်။
ရန်ကုန်မြို့ မြို့တော်စည်ပင် နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား လျှပ်စစ်ဓာတ်အား သုံးစွဲမှုအလိုက် A ၊ B ၊ C ၊ H အုပ်စု ၄ စု ခွဲကာ ခွဲတမ်းချ ပေးဝေနေပြီး၊ H အုပ်စုသို့ ၂၄ နာရီ ပုံမှန် ဖြန့်ဝေနေသည်။
A ၊ B နှင့် C အုပ်စု ၃ စုကို ညပိုင်း ၁၁ နာရီမှ နံနက် ၅ နာရီ အထိ တောက်လျှောက် ပေးဝေပြီး၊ ကျန်ရှိသည့် အချိန်များအတွက် ညီတူမျှတူ အချိန်အပိုင်းအခြား ၃ ခုခွဲ၍ ဖြန့်ဝေပေးသည်။
H အုပ်စုထဲတွင် ပါဝင်သည့် ဆေးရုံ၊ CNG ဆိုင်၊ ရဲတပ်ရင်းများ၊ စစ်တပ်၊ သုသာန်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ကိုမူ ၂၄ နာရီပတ်လုံး တောက်လျှောက်ပေးနေသည်။
သို့သော် စက်မှုဇုန်များကို နေ့ခင်းဘက်တွင် ၉ နာရီအကြာ မီးပေးဝေပြီး၊ ညပိုင်းတွင် မပေးကြောင်းနှင့် ထပ်တိုးပေးရန်လည်း ဓာတ်အား မလုံလောက်သေးကြောင်း သိရသည်။ မီးပြတ် တောက်မှု ဆိုးရွားခြင်းအောက်တွင် နေထိုင်ခဲ့ကြရသည့် ရန်ကုန်သူ ရန်ကုန်သားများ အဖို့တော့ စိတ်မအေးနိုင်သေးဘဲ ဖြစ်နေသည်။
''မီးတော့ မှန်လာပါတယ်။ ဒါပေမဲ့ ရက်ပိုင်းပဲ ရှိသေးတယ်။ နောက်ပိုင်း မှန်မယ်လို့တော့ စိတ်မချရသေးဘူး” ဟု ရန်ကုန်မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။
နေ့ခင်းပိုင်းနှင့် ညပိုင်း အလှည့်ကျ လျှပ်စစ်မီး ရရှိနေပြီး၊ ညပိုင်း ၁၁ နာရီမှ နံနက်ပိုင်းအထိမူ မီးမှန်ကြောင်း အခြား မြို့ခံတဦးက ဆိုသည်။
ရန်ကုန် ဆင်ခြေဖုံးမြို့တမြို့ဖြစ်သည့် သန်လျင်တွင်မူ အခြားမြို့နယ်များကဲ့သို့ အချိန်ပိုင်းဖြင့်ပင် လျှပ်စစ်မီး ပုံမှန်မရသေးပါ။
သံလျင်မြို့ခံက “ရန်ကုန်မြို့ထဲမြို့နယ်တွေတော့ အချိန်မှန်ရသလား မသိဘူး။ ကျနော်တို့ သန်လျင်တော့ မရပါဘူး။ လာချင်တဲ့ အချိန် လာတယ်။ ပြတ်ချင်တဲ့ အချိန် ပြတ်တယ်။ အခုဆို မီးမလာဘူး'' ဟု ပြောသည်။
တရုတ်ပိုင် ရွှေလီ ရေအားလျှပ်စစ်မှ ရန်ကုန်သို့ လျှပ်စစ်ပို့လွှတ်နေသဖြင့် ယခုကဲ့သို့ အချိန်တိုး၍ ပေးဝေနိုင်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
သူက “ရွှေလီက ပို့နေလို့ အချိန်နည်းနည်း မှန်လာတာ။ ပေးနေကျ သဘာဝဓာတ်ငွေ့ စက်ရုံ ၃ ရုံက ဓာတ်ငွေ့ပိုက်လိုင်း ပေါက်နေလို့ မပြင်ရသေးဘူး” ဟု ဆိုသည်။
ရန်ကုန်ကို လျှပ်စစ်ဓာတ်အား ပေးရန်အတွက် ယခင်က ကမ်းလွန် သဘာဝဓာတ်ငွေ့ အသုံးပြု သာကေတ၊ ရွာမ၊ လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၃ ရုံ၊ ကုန်းတွင်း သဘာဝဓာတ်ငွေ့ အသုံးပြု အလုံ စက်ရုံတို့နှင့် နိုင်ငံပိုင် ရေအားလျှပ်စစ် စက်ရုံတို့မှ ဖြန့်ဝေခဲ့သည်။
ယခုအခါ တရုတ်ကုမ္ပဏီနှင့် အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ဖွဲ့စည်းထားသည့် ရွှေလီမြစ် အမှတ် (၁) ရေအားလျှပ်စစ် စက်ရုံ ကုမ္ပဏီ လီမိတက်မှ ရန်ကုန်နှင့် မန္တလေးအတွက် လျှပ်စစ်ဓာတ်အားများ ဝယ်ယူနေရခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး မောင်မောင်လတ်ကမူ ရန်ကုန်ကို ယခုလအတွင်း ၂၄ နာရီ လျှပ်စစ်ပေးမည်ဟု ပြည်တွင်းသတင်း ဂျာနယ်များကို မကြာသေးခင်က ပြောခဲ့သေးသည်။
Published
Tuesday, July 28, 2009 - 21:33
ရန်ကုန်တွင် လျှပ်စစ်မီး ရရှိမှု ပိုမိုလာ
လအတန်ကြာ ဆိုးရွားစွာ မီးပြတ်တောက်မှုများနေခဲ့သည့် ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို ယခုလလယ်မှစ၍ မီးလာချိန် တိုးတက် များပြားလာသည်။ ရန်ကုန်မြို့ မြို့တော်စည်ပင် နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ...