မဇ္စျိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။
“သံရုံးကား ၅ စီး ပြန်ထွက်သွားပြီ။ အမေရိကန်၊ ဗြိတိန် အပါအဝင်ပေါ့နော်။ ၁၂ နာရီ မထိုးခင်လောက်မှာ ထွက်သွားတယ်” ဟု ရှေ့နေဦးခင်မောင်ရှိန်က မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတိုု့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။
ယနေ့ ထောင်ရှေ့တွင် နှလုံးရောဂါ ခံစားနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ရှေ့နေ ဦးကျင်တိုး၊ ညောင်လေးပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင် အပါအဝင် ပြည်သူ ၅၀၀ ဦး ခန့် လာရောက်ကြသည်ဟု သိရသည်။
အင်းစိန် ကုန်းတံတားအဆင်းတွင် လုံထိန်းရဲများက ဒိုင်နာကား အပါအဝင် အနည်းဆုံး ကား ၆ စီး ဖြင့် လုံခြံုရေး စောင့်ကြပ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား အားပေးသည့်အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့သူ ဒေါ်နော်အုန်းလှအပါအဝင် အမျိုးသမီး ရ ဦးကိုလည်း ခရီးကြန့်ကြာစေရန် အာဏာပိုင်များက လမ်းတလျှောက်၌ ၎င်းတို့ စီးလာသည့်ကားအား ၆ ခါထက်မနည်း စစ်ဆေးခြင်းဖြင့် အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။
“ရဲတွေ ဝတ်စုံနဲ့ အပြည့်နဲ့ စစ်တာ။ ကားကိုလည်း စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကျန်တဲ့ ကားတွေ မစစ်ဘူး။ အချိန်ကြန့်ကြာအောင် လုပ်တာပေါ့၊ ၉ နာရီစီးတာ ၁၁ နာရီကျော်မှ ရောက်တယ်” ဟု ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။
ဒေါ်နော်အုန်းလှနှင့်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဆုတောင်းနေသည့် အဖွဲ့ဖြစ်သည်။
ပထမဆုံးအကြိမ် အပြီးသတ် လျှောက်လဲရသည့် ရုံးချိန်းသို့ ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို မရန်းကုန်းမြို့နယ် ဘုရင့်နောင် ရဲစခန်းတွင် ၎င်းတို့အဖွဲ့အား စစ်ဆေးခဲ့သေးသည်။
Published
Monday, July 27, 2009 - 17:26
သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြ ...