နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံး၌ မနက်ဖြန်တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေများနှင့် ယနေ့ တွေ့ဆုံခွင့်ရခဲ့သည်။
အမှုအတွက် ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကြာမျှ တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။
''မနက်ဖြန် (သောကြာနေ့) မှာ ဒီလျှောက်လဲချက်ကို တရားရုံးကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဦးလှမျိုးမြင့်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ကာကွယ်ပြောကြား လျှောက်လဲမှာ ဖြစ်ပါတယ်'' ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။
အကျိုးဆောင်အဖွဲ့သည် အတိုက်အခံခေါင်းဆောင်နှင့် ယမန်နေ့က တွေ့ဆုံခွင့် မရခဲ့ပါ။ သို့သော် နောက်ဆုံး လျှောက်လဲချက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် လိုအပ်နေသေးသဖြင့် တွေ့ဆုံခွင့်ပြုရန် ပြန်လည်လျှောက်ထားခဲ့ရာ နောက်ဆုံးတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။
''တာဝန်ရှိသူတွေက တွေ့ခွင့်ပြုတဲ့အကြောင်း ကျနော်တို့က ဒီနေ့ အကြောင်းကြားလာပါတယ်။ ကျနော်တို့ကို (ဒေသစံတော်ချိန်) မွန်းလွဲ ၂ နာရီ လောက်မှာ အကျဉ်းထောင်ကို ခေါ်သွားပါတယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ညနေ ၄ နာရီလောက်မှာ ပြီးပါတယ်'' ဟု ဦးကြည်ဝင်းက ပြောသည်။
သို့သော် နောက်ဆုံးလျှောက်လဲချက်ပါ အကြောင်းအရာများကို ပြောကြားရန်ကိုမူ ဦးကြည်ဝင်းက ငြင်းဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြမည်ဟုသာ ပြောဆိုသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ အမှုကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကတည်းက စတင်စစ်ဆေးနေသော အင်းစိန်ထောင်ရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက နှစ်ဖက် နောက်ဆုံးလျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။
နောက်ဆုံး လျှောက်လဲချက် ကြားနာရန်နှင့် အမိန့်ချရန်သာ ကျန်တော့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခု ရုံးတင်စစ်ဆေးနေခြင်းမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပါသလဲဟု မေးမြန်းသည့်အခါ ဦးကြည်ဝင်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး၊ ''ဒါက ဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်တော့ကာ အမှုမပြီးမချင်း ကျနော် ဘာမှ မှတ်ချက် မပေးလိုပါဘူး။ သည်းခံပါ။ အမှုက သိပ်ကြာမှာ မဟုတ်တော့ပါဘူး'' ဟု ပြောကြားသည်။
သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်ကမူ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ရေးအတွက် အကုန်လုံး စီစဉ်ထားသည့်အတွက် ''ကျနော်ကတော့ သူတို့ (စစ်အစိုးရ) က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဘို့ တနည်းနည်းနဲ့တော့ လုပ်မှာလို့ပဲ ထင်တယ်'' ဟု ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် သူ၏ အင်းယားကန်ဘေးရှိ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော မေလဆန်းပိုင်းက ဝင်ရောက်လာသည်ကို လက်ခံခဲ့သည့်အတွက် အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရခြင်း ဖြစ်သည်။ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။
Published
Thursday, July 23, 2009 - 20:37
နောက်ဆုံး လျှောက်လဲချက်အတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ
ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံး၌ မနက်ဖြန်တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေများနှင့် ယနေ့ တွေ့ဆုံခွင့်ရ ...