ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စုအတွင်းရှိ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး တဦး အလွန်အကျွံ လာဘ်စားနေကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်အစည်းအရုံး သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ပြောဆိုလိုက်သည်။
ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးသည် ၂၀၀၉ခုနှစ်အတွင်း ကျောင်းရံပုံငွေအတွက် ကောက်ခံထားသော ငွေ များကို ကျောင်းရံပုံငွေအတွက် အသုံးမပြုဘဲ ၎င်း၏မိသားစုအကျိုးအတွက်သာ သုံးစွဲနေခဲ့သည်ဟု အဆိုပါပလောင်ကျောင်း သားနှင့် လူငယ်အဖွဲ့က ထုတ်ဖော်ပြောဆိုသည်။
ထို့အပြင် ယခုနှစ်ဆန်းပိုင်းမှစ၍ မူကြိုကျောင်းဆောက်လုပ်ရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာများကို ၀ယ်ရန်ဆိုပြီး ကျောင်းသူကျောင်းသားများထံမှ ကျောင်းဝင်ကြေးအဖြစ် တဦးလျှင် ၃,၀၀၀ကျပ်၊ ရံပုံငွေအဖြစ် ၂,၀၀၀ကျပ် မထည့်မနေရ ကောက်ခံခဲ့ကြောင်း သိရသည်။
“ကျောင်းအုပ်ဆရာမကြီး လာဘ်စားလာတာ သုံးနှစ်ရှိခဲ့ပြီ။ သူက ရွာမှာရှိတဲ့ ရယက လူကြီးတွေ၊ ပညာရေးမှူးတွေ၊ နမ့်ဆန် မြို့နယ်မှာရှိတဲ့ စစ်တပ်အရာရှိကြီးတွေနဲ့လည်း ဆက်သွယ်မှုရှိတဲ့အတွက် အခုအချိန်ထိ လုပ်စားနိုင်နေတာဖြစ်တယ်”ဟု ၎င်း အလယ်တန်းကျောင်းမှ အမည်မဖော်လိုသည့် ကျောင်းဆရာမတဦးကပြောကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်အ စည်းအရုံးက ဆိုသည်။
နမ့်လင်းရွာသူတဦးက “သူ လာဘ်စားတာ ကျမတို့သိတာကြာပြီ။ ရွာက မြို့နဲ့လည်းဝေးတော့ ဆရာ၊ ဆရာမ ရနိုင်ဖို့ အရမ်း ခက်ခဲတယ်။ ရွာထဲမှာလည်း ပညာတတ် သိပ်မရှိဘူး။ အကယ်၍ ကျမတို့ တိုင်ကြားခဲ့ရင် ရွာက ကလေးတွေရဲ့ ပညာရေး ထိ ခိုက်မှာကို စိုးရိမ်ရပါတယ်”ဟု ပြောသည်။
အဆိုပါကိစ္စကို လက်အောက်ခံများဖြစ်ကြသော ဆရာ၊ ဆရာမများက ရပ်ကွက် ဥက္ကဌကြီးများနှင့် ကျေးရွာကော်မတီများကို တိုင်ကြားခဲ့သော်လည်း ယနေ့ထိတိုင် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း တအာင်း ကျောင်းသားနှင့်လူငယ်အစည်းအရုံး အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။
၎င်းက “သူတို့က တိုင်ပေမယ့် ကျေးရွာလူကြီးတွေကလည်း အဲဒီဆရာမကို စစ်ဆေးမေးမြန်းတာတွေ မလုပ်နိုင်ဘူး။ မလုပ် နိုင်တဲ့အကြောင်း အကယ်၍ သူတို့က အဲသလိုမျိုးလုပ်မယ်ဆိုရင် ကျောင်းမှာ သူမလည်း ကျောင်းအုပ်ဖြစ်နေတော့ ဆရာမ တယောက်လွတ်သွားပြီဆိုရင် ကလေးတွေအတွက်က နောက်ထပ် ပညာသင်ပေးမယ့် ဆရာမရှိမှာကို စိုးရိမ်တဲ့အတွက် မလုပ် ရဲဘူးဖြစ်နေတယ်”ဟု ပြောသည်။
ဒေါ်တင်တင်အေးသည် နမ့်လင်းကျေးရွာအုပ်စုတွင် ကျောင်းအုပ်ဆရာမသက်တမ်း နှစ်အနည်းငယ်ရှိပြီဖြစ်၍ ၎င်းအား ပြောရဲ ဆိုရဲမည့်သူ တဦးယောက်မျှ မရှိသည့်အပြင် ယူနီဆက်မှ ထောက်ပံ့ပေးသော ဗလာစာအုပ်များနှင့် တခြားကျောင်းပိုင်ပစ္စည်း များကို ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးအိုက်ခိုင်က ဘိန်းနှင့် လဲလှယ်သုံးစွဲခဲ့သည်ဟု မိုင်းအောင်ကိုက ဆက်ပြောသည်။
နမ့်လင်းကျေးရွာအုပ်စု အလယ်တန်းကျောင်းသည် နှစ်စဉ် ကျောင်းသားဦးရေ စုစုပေါင်း ၅၀၀ကျော်ရှိသည့်အပြင် တနှစ်လျှင် ငွေ(၂၅)သိန်းကျပ်ခန့် ကောက်ခံခဲ့သော်လည်း ကျောင်းလုပ်ငန်းအတွက် တစုံတရာမှ အကောင်အထည်မဖော်နိုင်သည့်အပြင် ရွာမှ လှူထားသော ပျဉ်၊ တူ၊ သံနှင့် ဘိလပ်မြေများလည်း နှစ်စဉ် ပျောက်ဆုံးနေကြောင်း သိရသည်။
နမ့်လင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၇)ရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပညာသင်ကြားနေသော စာသင်ကျောင်းပေါင်း (၅)ကျောင်းရှိသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်အစည်းအရုံးက ပြောသည်။
Published
Wednesday, July 22, 2009 - 19:55
ကျောင်းအုပ် ဆရာမကြီးတဦး အလွန်အကျွံ လာဘ်စားနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စုအတွင်းရှိ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး တဦး အလွန်အကျွံ လာဘ်စားနေကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်အစည်းအရုံး သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ပြောဆို ...