ထိုင်းမြန်မာနယ်စပ်တွင် ကာလကြာရှည်စွာ ပိတ်ပင်ထားသောကြောင့် နယ်စပ်တလျှောက်ရှိ ထိုင်းနှင့် မြန်မာလူမျိုးတို့တတွေ ကူးလူးဆက်ဆံရေးနှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ရေးအတွက် အခက်တွေ့နေရကြောင်း၊ ၄င်းပြဿနာ ပြေလည်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် နယ်စပ်လို ပြန်လည်ဖွင့်လှစ်လိုကြောင်း ကမ်ချနပူရီခရိုင် ဒု-အရာရှိချုပ်နိုင်ချိုင်ဝပ်က စန်ခလပူရီမြို့ရှိ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။
ဇူလိုင်လ ၁၅ ရက် စန်ခလမြို့ရှိ ရေဗါစိုက်ဟိုတယ်တွင် စည်းအဝေးကို မနက် ၈း၃၀ နာရီမှ နေ့လယ် ၄းဝဝ နာရီထိ ကျင်းပခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ ထိုင်း မြန်မာ နယ်စပ်တလျှောက်ရှိ ပြည်သူများတို့၏ အသက်မွေးဝမ်းကြောင်းပညာပေးရေးနှင့် ဘဝရပ်တည်ရေးအတွက် ပညာပေး ရေးဖြစ်သည်ဟု သိရသည်။
အစည်းအဝေးပွဲကို ကမ်ချနပူရီခရိုင် “လယ်ယ” ဒေသရှိ ထိုင်းတပ်မတော် ဒု-ဗိုလ်မှူးကြီးနိထက်ထောင်လစ်က ကမကထပြုပြီး အစိုးရအရာရှိများနှင့် ဝန်တန်းများ၊ စန်ခလမြို့ရှိ ထိုင်းနှင့် မွန်ဘက်ကမ်းကျေးရွာမှ အဖိတ်ကြားခံရသည့် မိဘများနှင့် နယ်စပ်ရှိ ကျေးရွာလူကြီးများတက်ရောက်ခဲ့ကြသည်။ ထိုင်း၊ မွန်၊ ကရင်လူမျိုးတို့လည်း တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ အယောက်၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
“ကျနော်တို့ ဝင်ကကျေးရွာမှာ ရွှေငွေလုပ်ယူလို့ရတဲ့အတွက် ရွှေမြို့ ငွေမြို့အဖြင့် သတ်မှတ်လို့ရတယ်။ နာမည်ကျော်ကြားလှသည့် ဝင်ကဆရာတော်ဘုရား ဥတ္တမ ကလည်း အများအကျိုးအတွက် အမွေတွေမနည်းထားရစ်ပေးခဲ့တယ်။ ကျောင်းကန်၊ စေတီပုထိုး၊ ဝင်ကရွာဟောင်းမြင်ကွင်းနှင့် ကမ်းနှစ်ဖက်ကူးတံတား (သစ်သားနှင့် တည်ဆောက်ထားသောတံတား) ဒါ့အပြင် မွန်နှင့်ကရင်လူမျိုးတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှု များကိုလည်း နိုင်ငံခြားဧည့်သည်များကို ဖိတ်ခေါ်ပြီး ဝင်ငွေလုပ်လို့ရတယ်။” ဟု ခရိုင် ဒု-အရာရှိကြီးက မိန့်ခွန်းထဲတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
ထို့အပြင် နိုင်ငံခြားသားဧည့်သည်များလာရောက် အပန်းဖြေနိုင်ကြစေရန်အတွက် သူတို့အနေနှင့် တိုးချဲ့လုပ်ငန်း အစီအစဉ်ချသွားမည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်တွင် ခရီးသွားလုပ်ငန်းနှင့် နေရာချပေးရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ကြယ်ငါးပွင့် အဆင့်မြင့်ဟိုတယ် တည်ဆောက်ပေးခြင်း၊ လေယာဉ်ကွင်းတင်ဆောက်ပေးခြင်း စသဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ဒီလိုမျိုးပြန်လုပ်ပေးခြင်းဖြင့် ဒေသခံတို့ကလည်း အလွယ်အကူဝင်ငွေရှာလွယ်ရမည်ဖြစ်ကြောင်း ပြောသွားပါသည်။
နောက်ဆုံးတွင် ထည့်သွင်းပြောသွားတာက ကြာရှည်စွာ အပိတ်ခံထားရသောထိုင်း မြန်မာနယ်စပ်တလျှောက်တွင် ပြန်လည်ဖွင့်လှစ်လိုကြောင်း၊ မြန်မာအစိုးရကကသာ နယ်စပ်ကို ဖွင့်လှစ်ပေးမည်ဆိုလျှင် လာမည့်အနာဂတ် အာရှလမ်းမကြီး တည်ဆောက်ရေးကိုလည်း အထောက်အကူဖြစ်ကြောင်း မိန့်ကြားသွားခဲ့ပါသည်။
Published
Friday, July 17, 2009 - 19:25
ကမ်ချနပူရီခရိုင် လူကြီးများမှာ ထိုင်း-မြန်မာနယ်စပ် ပြန်ဖွင့်ရန် အလိုရှိ
ထိုင်းမြန်မာနယ်စပ်တွင် ကာလကြာရှည်စွာ ပိတ်ပင်ထားသောကြောင့် နယ်စပ်တလျှောက်ရှိ ထိုင်းနှင့် မြန်မာလူမျိုးတို့တတွေ ကူးလူးဆက်ဆံရေးနှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ရေးအတွက် အခက်တွေ့နေရ ...