ယနေ့တွင် မွန်လူမျိုးတို့၏ မေ့ပျောက်လို့မရသော မွန်နိုင်ငံရေးသမား နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့၏ ၆ နှစ်မြောက် ထောင်တွင်းအကျဉ်းကျခံရသည့် အထိမ်းအမှတ်ဖြင့် မွန်ပြည်သူ၊ ပါတီနှင့် အဖွဲ့အစည်းတို့အား မွန်ရဟန်းပျိုသမဂ္ဂ နှင့် မွန်လူငယ်အဖွဲ့တို့က ပန်ကြားချက် ရေးသားပေးပို့သည်။
၄င်းပန်ကြားချက်တွင်လည်း မွန်နိုင်ငံရေးအကျဉ်းသား နိုင်ယက္ခ၊ နိုင်မျိုးသွေးအပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။
ပန်ကြားရခြင်းမှာ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် ရဟန်းရှင်လူ မွန်ပြည်သူ အပေါင်းတို့သည် နိုင်ယက္ခနှင့် နိုင်မျိုးသွေးနည်းတူ နိုင်ငံရေးပြဿနာ ပိုမိုးအရှိန်အဟုန်မြင့်မားစွာနှင့် ရှင်သန်ထက်မြက်လာနိုင်အောင် ရည်ရွယ်ခဲ့သည်ဟု မွန်ပြည်နယ် မွန်ရဟန်းပျိုသမဂ္ဂမှ ပြောရေးဆိုခွင့် ရှိသူ မွန်လူငယ်တစ်ဦးက ပြောသည်။
“မွန်လူမျိုးတိုင်း နိုင်ယက္ခနှင့်နိုင်မျိုးသွေးနဲ့ပတ်သက်တဲ့ အကြောင်းတွေ ပိုမိုးသိလာ စေချင်လို့ ဒီလိုမျိုးပန်ကြားစာ ပို့တာဖြစ်တယ်။ နောက်ပြီး ဒီပုဂ္ဂိုလ်နှစ်ယောက်နဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေလဲ မွန်ပြည်နယ်မှာ ထုတ်တာမျိုး လုပ်မယ်” ဟု ၄င်းက ဆက်ပြောပါသည်။
ထိုပန်ကြားချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ဆောင်ရန်နှင့် အကျိုးမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရပ်တန့်က ရပ်ပေးရန် တောင်းဆိုသည်။
နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရန် မွန်ပြည်သစ်ပါတီမှ နအဖ စစ် အစိုးရနှင့်အပစ်ခတ်ရပ်စဲပြီး နိုင်ယက္ခလည်း မိမိဝါသနာပါသည့် လူထုအကျိုးဆောင် လုပ်ငန်းများ ဆက်လက် လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံတွင် ထောင်သောင်း များစွာသော ပြည်သူများ လမ်းထွက်ဆန္ဒပြပြီး ဒီမိုကရေစီ တောင်းဆိုရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လှုပ်ရှားမှုတွင် နိုင်မျိုးသွေး နှင့် နိုင်ယက္ခတို့က အဓိကနေရာ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။
အဓိကနေရာတွင် ပါဝင်ခဲ့သောကြောင့် မြန်မာစစ်အစိုးရတို့က လိုက်လံဖမ်းဆီးပြီး ရှောင်တိမ်းရင်းနှင့် ၁၉၈၉ လဆန်းပိုင်းတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီး အမျိုးသားအခွင့်အရေး၊ ကိုယ့်ကံံကြမ္မာ ကိုယ်ဖန်တီးပိုင််ခွင့်ရရှိရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ အာဏာရှင်စနစ် ဖြုတ်ချရေး စသည့်လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သည် ဟု မွန်ရဟန်းပျိုသမဂ္ဂ နှင့် မွန်လူငယ်အဖွဲ့တို့က ပန်ကြားချက်လွှာတွင် ရေးသားထားသည်။
နိုင်ယက္ခ၏ စည်းရုံးရေးကို ပြည်သူတို့က ထောက်ခံအားပေးလာသောအခါ စစ်အစိုးရက ထိတ်လန့်လာပြီး နိုင်ယက္ခကို ၂၀၀၃ ခုနစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ထောင်ချောက်ဆင်ကာ ဖမ်းဆီးခဲ့ပြီး သေဒဏ်အမိန့်ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အယူခံဝင်ကာ ထောင်ဒဏ်တသက် တစ်ကျွန်းသို့ ပြောင်းလဲချမှတ်လိုက်သည်။
ဖမ်းဆီးခံရသည်မှာ နိုင်ငံတော်ခေါင်းဆောင်များက ဗုံးဖောက်ခွဲမှုအဖြစ် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို ဖောက်ခွဲရေးပစ္စည်းနှင့်အတူ အာဏာပိုင်တို့က ရိုက်နှက်ပြီး ၄င်းတို့၏ပစ္စည်းဖြစ်ကြောင်း အတင်းအဓမ္မ ဖွင့်ဆိုစေခဲ့သောကြောင့် မွန်ပြည်သစ်ပါတီတို့ဘက်ကလည်း တွေ့ပိုင်ခွင့်မရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“ဖောက်ခွဲပစ္စည်းက သူတို့နှစ်ယောက်နဲ့ ဘာဆို ဘာမှ မဆိုင်ခဲ့ဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ စစ်အစိုးရရဲ့ စက်ကွင်းထဲရောက်သွားတော့ အိမ်ထဲမှာ ဆင်ထားတဲ့ ဗုံးဖောက်ခွဲပစ္စည်းအားလုံးဟာ သူတို့နှစ်ယောက် ပစ္စည်းအဖြစ် ထင်ဟပ်ခံခဲ့ရတယ်။ ကျနော်တို့လဲ အကျဉ်းချခံရတဲ့ ဒီနှစ်ယောက်ကို ထပ်ခါတလဲလဲ တတ်နိုင်သလောက် တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ရည်ရွယ်ထားတဲ့အခြေအနေ မရောက်လာသေးဘူး” ဟု နိုင်ဟံသာက ဆက်ပြောသည်။
၄င်း၏ ပြောပြချက်အရ နိုင်ယက္ခသည် မွန်ပြည်သစ်ပါတီ၏ ထက်မြက်ကောင်းမွန်သော စည်းရုံးရေး သမားတစ်ဦးဖြစ်ပြီး အများလေးစားသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ နိုင်မျိုးသွေးသည်လည်း မွန်ပြည်သစ်ပါတီဝင် တစ်ဦးဖြစ်ပြီး စစ်လက်နက်ဘက်ဆိုင်ရာ ပြုပြင်ဘက်တွင် အလွန်ပင်ကျွမ်းကျင်သည်ဟု သိရပါသည်။
နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့သည် မွန်ပြည်သစ်ပါတီတွင် (၁၀) နှစ်ခန့် အမျိုးသားအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ် နှစ်ဦးဖြစ်သည်။ နိုင်ယက္ခ (အင်းစိန်ထောင်- တိုက်နံပါတ် ၄ အခန်း ၆) နှင့် နိုင်မျိုးသွေး (သာယာဝတီထောင်) တို့သည် ယနေ့အထိ နအဖစစ်အစိုးရ၏ အကျဉ်းထောင်တွင် တည်ရှိနေဆဲဖြစ်သည်ဟု သိရပါသည်။
Published
Friday, July 17, 2009 - 18:36
နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ အကျဉ်းကျခံသည့် အထိမ်းမှတ်ဖြင့် မွန်ပြည်သူထံ ပန်ကြားစာရေးပို့
ယနေ့တွင် မွန်လူမျိုးတို့၏ မေ့ပျောက်လို့မရသော မွန်နိုင်ငံရေးသမား နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့၏ ၆ နှစ်မြောက် ထောင်တွင်းအကျဉ်းကျခံရသည့် အထိမ်းအမှတ်ဖြင့် မွန်ပြည်သူ၊ ပါတီနှင့် အဖွဲ့အစည်းတို့အား မွန်ရဟန်းပျိုသမဂ္ဂ နှင့် မွန်လူငယ်အဖွဲ့တို့က ပန်ကြားချက် ရေးသားပေးပို့ ...