ကေအန်ယူကို တိုက်ခိုက်ရန် စစ်ကြောင်းများ တက်လာနေသည့် သတင်းကြောင့် ဒေသခံတို့ ကြောက်ရွံ့နေကြ

ကေအန်ယူကို တိုက်ခိုက်ရန် စစ်ကြောင်းများ တက်လာနေသည့် သတင်းကြောင့် ဒေသခံတို့ ကြောက်ရွံ့နေကြ
ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ််မဟာ (၆) ကို တိုက်ခိုက်ရန် နအဖစစ်ကြောင်းများ တက်လာနေသည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ကုန်သည်များ၊ လှေသမားများအပါဝင် ဒေသခံတို့က ကြောက်ရွံ့နေကြပြီး ၄င်းလုပ်ငန်းများ နားထားရသည်ဟု သိရ ...

 
ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ််မဟာ (၆) ကို တိုက်ခိုက်ရန် နအဖစစ်ကြောင်းများတက်လာနေသည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ကုန်သည်များ၊ လှေသမားများအပါဝင် ဒေသခံတို့က ကြောက်ရွံ့နေကြပြီး ၄င်းလုပ်ငန်းများ နားထားရသည်ဟု သိရသည်။
 
မဲကသာတောကြား တဲသုံးလုံးလမ်းခွတွင် ကေအန်ယူတပ်မဟာ (၆) ယာယီစခန်းတစ်ခုကို ဒီကေဘီအေတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အင်အား (၁၀၀၀) ခန့်ရှိ နအဖဘက်မှ စစ်ကြောင်း ချီတက်လာနေသည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့် ဘုရားသုံးဆူမြို့အပြင် ဘက်တွင် ပေါ်တာဆွဲနေခြင်းတို့ကြောင့် လှေသမားများ လှေမဆွဲရဲဘဲ ကုန်သည်များ လည်း မသွားလာရဲကြပေ။
 
“တဲသုံးလုံးမှာ တိုက်ပွဲဖြစ်ပြီးတော့ လှေသမားတွေလည်း မပြေးဆွဲရဲဘူး၊ ကျမတို့ကုန်သည်တွေလည်း မသွားလာရဲဘူး၊ အခုလို ဒီကေဘီအေနဲ့ ကေအန်ယူကြားမှာ ပဋိပက္ခဖြစ်နေတဲ့ကြား ကိုယ်ပါ သူတို့တိုက်ပွဲနဲ့ ပါသွားမယ်၊ ဒါကြောင့် အခုလောလောဆယ်မှာတော့ ခဏနားထားရတာပေါ့” ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
 
ဇူလိုင်လ (၈) ရက်နေ့ မဲကသာတောကြား တဲသုံးလုံးလမ်းခွနေရာရှိ ကေအန်ယူ တပ်မဟာ (၆) ယာယီစခန်းတစ်ခုကို ဒီကေဘီအေနှင့် နအဖတို့ ပူပေါင်းဝင်ရောက်ခိုက်ခြင်းနှင့် ဇူလိုင် (၁၁) နေ့မှာ ကေအန်ယူတပ်မဟာဘက်မှ လက်နက်ကြီးကျရောက်ခဲ့ပြီးနောက်ပိုင်း ဒေသခံတို့က ကြောက်ရွံ့နေကြသည်ဟု ဒေသခံတို့က ပြောသည်။
 
“မဲကသာမှာ တိုက်ပွဲဖြစ်ပွားပြီးတော့ နအဖဘက်မှ စစ်ကြောင်းတွေ တက်လာနေတယ် လို့ကြားတယ်။ ဒါပေမယ့် ဘုရားသုံးဆူထိတော့ မရောက်သေးဘူး၊ ပြီးတော့ ပေါ်တာတွေလည်း ဆွဲမယ်လို့ ကြားတယ်” ဟု နအဖနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
 
အတည်မပြုနိုင်သေးသည့် ကောလဟလသတင်းတစ်ရပ်အရ ဇူလိုင်လ (၁၁) နေ့က ဘုရားသုံးဆူမြို့အပြင်ဘက် တောင်ဝိုင်းမှာ ပေါ်တာဆွဲနေပြီး၊ ကေအန်ယူကို အမြစ်ဖြတ် တိုက်ခိုက်ရန်အတွက် စစ်ကြောင်းချီတက်လာသည့် နအဖတပ်တို့မှ ဘုရားသုံးဆူမြို့မှ ပေါ်တာအင်အား (၈) ရာလောက် လိုအပ်သည်ဟု သတင်းထွက်ပေါ်နေသည်။
 
ဘုရားသုံးဆူမြို့၌ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းနှင့် ယခုလို ကေအန်ယူနှင့် ဒီကေဘီအေတို့ကြားပဋိပက္ခဖြစ်ပေါ်နေခြင်းကြောင့် ၄င်းဒေသအခြေစိုက် ခလရ (၃၂) တို့မှ မဲကသာတောအတွင်း သွားလာခွင့်ကို ပိတ်ပင်ထားပြီး၊ မြို့တွင်းနှင့် မြို့ပြင် ည (၁၀) နာရီကျော် အပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။
 
“ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ခလရ (၃၂) က စစ်သား ရ ယောက် ကေအန်ယူနဲ့သွား ပေါင်းတာကြာတယ်၊ အဲဒီ (၇) ယောက်ထဲမှာ ဗိုလ်ကြီးတစ်ယောက်လည်းပါတယ်တဲ့၊ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးပြောဆိုနေကြတယ်၊ တချို့က သွေးရိုးသားရိုးမဟုတ်ဘူးလို့လည်း ပြောနေကြတယ်” ဟု ၄င်းနအဖနှင့် နီးစပ်သူက ဆက်ပြောပြသည်။
 
ကေအန်ယူ တပ်မဟာ (၇) ကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့သိမ်းခဲ့ပြီးနောက် ဘုရားသုံး ဆူ-သံဖြုုဇရပ်ဒေသရှိ တပ်မဟာ (၆) ကို ဆက်လက် အမြစ်ပြတ် တိုက် သွားမည်ဟု ဘုရားသုံးဆူဒေသမှ တိုင်းရင်သားလိုက်နက်ကိုင်အဖွဲ့တို့၏ အဆိုရ သိရသည်။
 
ကရင်အမျိုးသမီးအဖွဲ့စည်းက ထုတ်ပြန်ထားသည့် ကြေငြာချက်အရ ကရင် လူမျိုးအများအပြားက စိုးရိမ်းရတဲ့ အခြေအနေမှာရှိနေပြီး ကရင် ဒုက္ခသည် ၄၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသိမ်းရှောင်းနေရသည်ဟု သိရသည်။

Most read this week