ပလပ်စတစ် စွန့်ပစ်မှု ရန်ကုန်တွင် နေ့စဉ်တန် ၂၀၀ ခန့့်ရှိ

ပလပ်စတစ် စွန့်ပစ်မှု ရန်ကုန်တွင် နေ့စဉ်တန် ၂၀၀ ခန့့်ရှိ
by -
မိုးဆွေမြင့်
မန္တလေးမြို့တော်တွင် ပလပ်စတစ်အိပ်များ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲမှုကို ပြင်းပြင်းထန်ထန် တားမြစ်နေချိန်တွင် ရန်ကုန်မြို့တော်တွင်မှု ပလပ်စတစ်သုံးစွဲမှု ပမာဏ မြင့်တက်လျက် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်း ...

ရန်ကုန် (မဇ္ဈိမ) ။     ။ မန္တလေးမြို့တော်တွင် ပလပ်စတစ်အိပ်များ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲမှုကို ပြင်းပြင်းထန်ထန် တားမြစ်နေချိန်တွင် ရန်ကုန်မြို့တော်တွင်မှု ပလပ်စတစ်သုံးစွဲမှု ပမာဏ မြင့်တက်လျက် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတဦးက ပြောပါသည်။
 
ရန်ကုန်မြို့တွင် နေ့စဉ်ပလပ်စတစ်စွန့်ပစ်မှုပမာဏဟာ တနေ့လျင် တန် ၂၀၀ နီးပါးရှိပြီး အခြားသတ္ထုနှင့် လျှပ်စစ်ပစည်းစွန့်ပစ်မှုမှာ တန် ၁၅၀ နီးပါး ရှိသည်ဟု အဆိုပါ ဌာနမှ စာရင်းဇယားများအရ သိရသည်။
 
“ရန်ကုန်မှာ အမှိုက်က တစ်နေ့ကို တန်ချိန် ၁၅ဝဝ ကျော်လောက် ထွက်ပါတယ်။ အဲဒိအထဲမှာ ကြေလွယ် ပျက်ဆီးလွယ်တဲ့ မီးဖိုချောင်သုံးအမှိုက်က ရ၇ ရာခိုင်နှုန်းလောက် ပါပါတယ်။ ပလပ်စတစ်က ၁၅ ရာခိုင်နှုန်းလောက်ပါပြီးတော့ လျှပ်စစ်ပစည်းနဲ့ အခြားသတ္ထု ပစည်းက ၁၀ ရာခိုင်နှုန်းလောက် ပါပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အရာရှိက ပြောပါသည်။
 
“မန္တလေးမှာတော့ ပလပ်စတစ် စစ်ဆင်ရေး ကောင်းကောင်း လုပ်နေပြီ။ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာတယ်။ လူတွေလတ်တလော အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်ဆိုတဲ့ အသံတွေ ကြားနေရပေမယ့် ရေရှည်အတွက်တော့ ကောင်းပါတယ်။ ရန်ကုန်မှာတော့ ပလပ်စတစ်က တော်တော် အခြေအနေဆိုးနေပြီ။ နေရာတကာမှာ ပလပ်စတစ်ပဲ တွေ့နေရတယ် ရေမြောင်းတွေဆိုလည်း ပလပ်စတစ်တွေနဲ့ပဲပြည့်နေတယ်။ မြောင်းဖော်တာတွေ ဘာတွေမလုပ်နိုင်တော့ ပိုဆိုးတာပေါ့။ မိုးနည်းနည်းရွာတာနဲ့ လမ်းတွေပေါ်ရေလျှံတာတွေ ဖြစ်ကုန်ရော”ဟု ရန်ကုန်မြို့ခံတဦးက ပြောပါသည်။
 
မန္တလေးမြို့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပလပ်စတစ် အိတ် သုံးစွဲမှုကို လုပ်ငန်းရှင်များကို ခေါ်ယူသတိပေး တားမြစ်ခြင်း၊ သတင်း မီဒီယာများမှတဆင့်
ကြေညာချက်များ ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဇွန်လ ၂၂ ရက်နေ့မှ စတင်ကာ အဖွဲ့ငယ်များဖွဲ့ လိုက်လံ သိမ်းဆည်းမှုများ ပြုလုပ်လျက် ရှိသည်ဟု မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောပါသည်။
 
“ကျနော်တို့ ၂၂ ရက်နေ့ကစပြီးလိုက်သိမ်းနေပါတယ်။ အခုအဖွဲ့ ၅ ဖွဲ့ဖွဲ့ထားပါ တယ်။ မန္တလေးငါးမြို့နယ်အတွင်းမှာရှိတဲ့ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လမ်းဘေး စျေးဆိုင်တွေ အားလုံး လိုက်သိမ်းနေတာ ဒီနေ့ဆို ပိသာာ ချိန် လေးရာလောက်သိမ်းဆည်းရ မိနေပြီဟု ဦးတင်ထွဋ်ကျော်က မန္တလေးမြို့ရှိ ပလပ်စတစ် စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ပြောပါသည်။
 
မန္တလေးမြို့တွင်မူ တနေ့လျင် အမှိုက်တန်ချိန် ၃၀၀ ခန့်ထွက်ရှိပြီး ယင်းအမှိုက် များတွင် ပလပ်စတစ်များ အများဆုံး ပါဝင်နေသည်ဟု ဆိုပါသည်။

Most read this week