တိုင်းရင်းသားမီဒီယာ ရေရှည်တည်တံ့ခိုင်မြဲရေးအပေါ် ကေအိုင်စီ၏ အမြင်သဘောထား မေးမြန်းချက်များ

တိုင်းရင်းသားမီဒီယာ ရေရှည်တည်တံ့ခိုင်မြဲရေးအပေါ် ကေအိုင်စီ၏ အမြင်သဘောထား မေးမြန်းချက်များ
by -
ကေအိုင်စီ

၂၀၁၅ခုနှစ်၊ မတ် ၁၈ရက်မှ ၂၀ရက်နေ့ထိ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)က ဦးဆောင်ကာ တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ပြုလုပ်ခဲ့သည်။ အခမ်းအနား တက်ရောက်လာသူများ၏ တိုင်းရင်းမီဒီယာ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် မြန်မာမီဒီယာသမားများ၏ အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ၊ ရန်ကုန်ရုံးခွဲ မြန်မာပိုင်းတာဝန်ခံ)

တိုင်းရင်းမီဒီယာတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုလို့ရှိရင် အန်တီကိုယ်ပိုင်အမြင်ပေါ့နော်။ အရေးကြီးဆုံးတော့ ရံပုံငွေပဲ ဖြစ်တယ်။ ဒါကို ကိုယ်တိုင် ရင်းနှီးမတည်ပြီးတော့ လုပ်မယ်ဆိုရင် ရေရှည်ရပ်တည်ဖို့က မလွယ်ဘူး။ ဒါကြောင့်  ရံပုံငွေရတဲ့နည်းလမ်းတွေ ရှာရမယ်။ ရံပုံငွေရတဲ့ နည်းလမ်းတွေဆိုရင် အစိုးရဆီကရရင် လည်း ကောင်းတာပဲ။ အစိုးရဆီက ရမယ်ဆိုရင် နှောင်ကြိုးမဲ့ အကူအညီ ရနိုင်ရင်ကောင်းတယ်။ ပြည်နယ် အစိုးရဆီကလည်း သီးသန့် ချဉ်းကပ်နိုင်ရင် ပြည်နယ်အစိုးရမှာလည်း ပြန်ကြားရေးဝန်ကြီးဌာန ရှိချင်ရှိမှာပဲလေ။ အဲဒီတော့ သူတို့အနေနဲ့ ချဉ်းကပ်ရရ မရရ တောင်းရမှာက ကိုယ့်တာဝန်။ တကယ်လို့ မရဘူးဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဒီနေ့ဆိုရင် လာတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ USAID၊ OSF၊ DW ရှိတယ်၊ ရေဒီယိုလုပ်မယ်ဆိုရင် ဒီနိုင်ငံတကာ အဖွဲ့အစည်းကိုလည်း ကိုယ်က ချဉ်းကပ်ရမယ်။ ဒီဒေသက ပြည်သူလူထု ဘာလိုအပ်သလဲ။ ကိုယ့်ရေဒီယိုနားထောင်မယ့် သောတရှင်တွေ ကိုယ့်ရဲ့သတင်းစာ ဖတ်မယ့်သူတွေက ဘာသတင်းကို ဖတ်ချင်တာလဲ။ သုတေသနလုပ်ပြီးတော့မှ တကယ်လုပ်ချင်တာ၊ တကယ်ဖြစ်မယ့်ဟာကို ရံပုံငွေတောင်းပြီးတော့ လုပ်မယ်ဆိုရင် ရေရှည် တည်တံ့နိုင်တယ်။

KhinSoeWin VOA

ဒါ့အပြင် ကိုယ်က သီးသန့်ထုတ်လုပ်ပြီးတော့ ကိုယ့်မှာ ပလက်ဖောင်းမရှိဘူး။ အသံလွှင့်ဌာနမရှိဘူး။ သတင်းစာမရှိဘူးဆိုရင် ကိုယ့်ရဲ့သတင်းကို အခြားသတင်းဌာနမှာ ရောင်းလို့ရတဲ့ဟာမျိုးရှိတယ်။ ဥပမာ ကေအိုင်စီကနေပြီးတော့ အစီစဉ်တစ်ခု လုပ်မယ်။ ကရင်တိုင်းရင်းသားဒေသက အဖြစ်ပျက်တွေကို ကရင်ဘာသာနဲ့ပဲ တီဗွီရိုက်ပေးမယ်။ ဘာသာပြန်ပြီး စာတမ်းထိုး သုံးပေးလို့ရတယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ ၅ရာခိုင်နှုန်းဖြစ်ဖြစ် အန်တီတို့အနေနဲ့ ပံ့ပိုးနိုင်တဲ့သဘောပေါ့။ အဲလိုမျိုး လုပ်သွားနိုင်မယ်ဆိုရင် ရေရှည်ရပ်တည်နိုင်လိမ့်မယ်လို့ အန်တီထင်တယ်။

ဒေါ်ခင်စန္ဒာအောင် (ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာ့အသံ တိုင်းရင်းသား ရုပ်သံလိုင်း )

KhinSandar Aung MRTV NRC

တိုင်းရင်းမီဒီယာတွေမှာ လွတ်လပ်တဲ့ သတင်းလည်း လုပ်မယ်။ သတ်မှတ်တဲ့ မူဘောင်စည်းစနစ်ထဲမှာ အတူတူ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင်တော့ ရေရည်တည်တံ့ခိုင်မြဲမယ်လို့ ထင်တယ်။ အကြံပြုချင်တာက ကျမအနေနဲ့ အခု တိုင်းရင်းသား ရုပ်သံလိုင်းကိုယ်စား ဒီတတိယအကြိမ်ညီလာခံမှာ လာတက်ရတဲ့အတွက် တိုင်းရင်းသားအချင်းချင်းနဲ့ ပိုမိုရင်းနှီးပြီးတော့ စည်းလုံးမှှုလည်းရတယ်။ သိခွင့်လည်းရတယ်။ အရင်တုန်းက တစ်ယောက်နဲ့ တစ်ယောက်မသိကြဘူး။ အခု တွေ့ဖူးသွားပြီးဆိုရင် ပိုပြီးတော့ သတင်းပို့ရမယ်။ သမီးဆီက အန်တီသတင်းရမယ်။ အန်တီ့ဆီက သတင်းလည်း သမီးတို့ကို ရှယ်လို့ရတယ်။ အဲ့လိုမျိုးပဲ ကျန်တဲ့တိုင်းရင်း သားအားလုံး အဲဒီမှာဆို ၁၁ဘာသာရှိတယ်။ နောက်ပြီး ဒီထက်တိုးဖို့လည်း ရှိတဲ့အတွက်ကြောင့် တိုးလာတဲ့လူတွေနဲ့လည်း အန်တီတို့နဲ့ ရင်းနှီးမှှုရမယ်နော်။ အဲဒါဆိုရင် သတင်းမီဒီယာ ဒီထက်ပိုပြီးတော့ ခိုင်မြဲပြီး အဓွန့်ရှည်မယ်လို့ အန်တီ ထင်ပါတယ်။

ဒေါ်မေသင်္ကြန်ဟိန် (ရွှေမြစ်မခ ကုမ္ပဏီလီမိတက် CEO)

May Thingyan Hein

တိုင်းရင်းသားမီဒီယာတွေ ရေရှည်ဖွ့ံဖြိုးဖို့အတွက်ဆိုရင် ကျမ တစ်လျှောက်လုံး ဆွေးနွေးခဲ့တယ်။ သူတို့မှာ လုံလောက်သော ငွေကြေးရင်းနှီးမြှုပ်နှံမှုက တကယ်လိုအပ်နေတယ်။ အဲ့လိုပဲ တိုင်းရင်းသား local ထဲမှာ ရှိတဲ့သူတွေဟာလည်း ကိုယ့်ရဲ့ တိုင်းရင်းသားထုတ်လုပ်တဲ့ စာစောင်တွေ၊ ဂျာနယ်တွေကို တကယ်အားပေး ဖို့လိုတယ်။ လိုအပ်တဲ့ပ့ံပိုးမှှုကိုလည်း သူတို့အနေနဲ့ ပြုလုပ်ပေးဖို့လိုတယ်။ အဲဒါမှ သူတို့ရဲ့ ထောက်ခံအားပေး မှှုနဲ့ ဒီမီဒီယာတွေက ရပ်တည်နိုင်မယ်။ ဒီမီဒီယာတွေကလည်း ဒါ ရေရှည်ကိုယ်က သတင်းကို သတင်းအမှန်တိုင်းပဲ ဖော်ပြထုတ်လုပ်နိုင်ဖို့အတွက် ဆိုလို့ရှိရင် ကို်ယ့်အားကိုယ်ကိုးဖို့က ပိုအရေးကြီးတယ် အဲလိုတော့ ကျမ မြင်တယ်။

နိုင်ကဆော့မွန် (နိုင်ငံတကာမြန်မာ့သတင်း-BNI ဘုတ်ဒါရိုက်တာ)

ကျနော်တို့ ဖြတ်ကျော်လာတဲ့ ကာလတစ်လျှောက် အခုမီဒီယာတွေ ပြည်နယ်အသီးသီး တိုင်းရင်းသားဒေသ အသီးသီးမှာ စတင်ပေါ်ပေါက်လာတာက BNI အနေနဲ့တော့ ၁၅နှစ်နီးပါးရှိပြီး။ ဒါပေမဲ့ တစ်ခြားသော တိုင်းရင်းမီဒီယာတွေက လွန်ခဲတဲ့ ၂နှစ်၊ ၃နှစ်ထဲမှာ စတင်ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒီတိုင်းရင်းသားမီဒီယာအားလုံးကို ဖွ့ံဖြိုးတိုးတက်ဖို့ နောက်ပြီးတော့ ရေရှည်ရပ်တည်သွားဖို့က ကျနော်တို့မှာ လုပ်ကိုင်ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ BNI အနေနဲ့  ဒီတိုင်းရင်းသားမီဒီယာအားလုံးကို ကျနော်တို့ Network ပုံစံပေါ့နော်။ ဘယ်သူတွေဘာလုပ်တာလဲဆိုတာ သိဖို့ ကြိုးစားနေပါတယ်။

NaiKasauhMon

နောက်ပြီးတော့ မီဒီယာမှာ လိုအပ်နေတဲ့ Management skill ဖြစ်ဖြစ်၊ Journalism skill ဖြစ်ဖြစ် အားလုံးကို ကျနော် တို့ BNI ကနေ ပံ့ပိုးပါတယ်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ ကြံုတွေ့နေရတဲ့ ပြဿနာက တိုင်းရင်းသားမီဒီယာတွေမှာ ကြီးမားတဲ့ စျေးကွက်မရှိဘူး။ ကိုယ့်ဒေသမှာပဲ နည်းနည်းကျဉ်းကျဉ်းလုပ်နေရတဲ့ အချိန်ဖြစ်နေသေးတဲ့အတွက် သတင်းမီဒီယာကြီးတွေက ဒီတိုင်းရင်းသားမီဒီယာတွေကို လိုအပ်တဲ့ အကူအညီတွေ၊ လိုအပ်တဲ့ ပိုက်ဆံတွေပေးဖို့ ကျနော်တို့ လုပ်နေပါတယ်။ နောက်တစ် ခုက ကိုယ့်ရဲ့ပြည်နယ်အလိုက်၊ ဒေသအလိုက်မှာ အလှူရှင်တွေ၊ သက်ဆိုင်ရာအစိုးရတွေ ဝိုင်းဝန်းပံ့ပိုးပေးဖို့က ရေရှည်သဘော အနေနဲ့ BNI ကတော့ လှံှု့ဆော်သွားမယ့် အစီအစဉ် ရှိပါတယ်။

ဦးအောင်သူရ (သတင်းထောက်ချုပ်၊ 7 day news Journal)

တိုင်းရင်းသားမီဒီယာ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အဓိကတော့ အစိုးရပံ့ပိုးကူညီဖို့ လိုတယ်။ အဓိက အဆောက်အဦးတို့ ဥပမာ ပြည်နယ်မှာ ပုံနှိပ်တိုက်တွေ ထားပေးတာတို့၊ စက္ကူတွေ ပေးသွင်းတာတို့ နောက် တစ်ခုက လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးတာတို့၊ အင်တာနက်နည်းစနစ်ကောင်းအောင် လုပ်ပေးတာတို့ ဒါမျိုးနဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အဆောက်အဦးတွေအပိုင်းကို အစိုးရက လုပ်ပေးဖို့လိုတယ်။

AungThuRa

ဒါ့အပြင် ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ မီဒီယာဖွံ့ဖြိုးဖို့အတွက် ရံပုံငွေ ထူထောင်ပြီးတော့ လုပ်ပေးဖို့လိုတယ်။ သတင်း မီဒီယာအပိုင်းကကျတော့ သူတို့တွေက ဘာကိုဖတ်ချင်လဲ။ ဘာကို စိတ်ဝင်စားလဲ။ စနစ်တကျ လေ့လာပြီးတော့မှ ပြောချင်တာ ထက်စာရင် သူတို့စိတ်ဝင်စားတာ သူတို့သိချင်တာတွေ များများပိုရေးပေးရင်တော့ ကောင်းပါတယ်။ အစိုးရလည်း ထောက်ပံ့မပေးဘူး။ သတင်းမီဒီယာတွေလည်း ကိုယ်ရေးချင်တာတွေပဲ ရေးတယ်ဆိုရင်တော့ ရေရှည်ရပ်တည်နိုင်ဖို့မလွယ်ဘူး။ အခု ၂၀၁၄ တော့ နောက်ကျပြီး ဒီ ၂၀၁၅-၂၀၁၆မှာတို့ဆိုရင် တိုင်းရင်းသားမီဒီယာတွေ၊ ပြည်တွင်းမီဒီယာတွေ တာဝန်ကျေဖို့။ နောက် အစိုးရတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်ပြီးဆိုရင်တော့ မီဒီယာတွေက ကိုယ့်ပြည်နယ်၊ ကိုယ့်အစိုးရ ကိုယ့်တိုင်းရင်းသားမီဒီယာတွေ ညှိနှိှုင်းပြီးတော့ လုပ်ဆောင်နိုင်ရင်တော့ အခြေအနေကောင်းမယ် ထင်တယ်။

Most read this week