မိုင်းယန်း အထိ နယ်ကျွံသည့် တရုတ်ကား များ ထိန်းသိမ်း ခံရ

မိုင်းယန်း အထိ နယ်ကျွံသည့် တရုတ်ကား များ ထိန်းသိမ်း ခံရ
by -
သျှမ်းသံတော်ဆင့်

သျမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင်းယန်းမြို့သို့ မတ်လ (၂၀)ရက်နေ့က နယ်ကျွံရောက်ရှိလာသည့် တရုတ်ကား ၄စီးအား မြန်မာအစိုးရ ဒေသတွင်း အာဏာပိုင်က ၄ ရက်ကြာ ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း ကျိုင်းတုံရောက် အမည်မဖေါ်လိုသည့် ဝန်ထမ်း အသိုင်းအဝိုင်းကပြောသည်။

“ကားက ၄ စီး။ ၆ ဘီးကား ၂ စီး၊ ၁၀ ဘီးကား ၂ စီး။ မိုင်းလား အထူးဒေသ ၄ ဘက်သွား မယ်လို့ပြောတယ်။ လမ်းမှားပြီး ဒီဘက်ကို ရောက်လာတာ။ ခါလီကား။ ဘာမှ ပါမလာဘူး။ နယ်မြေခံ ထောက်လှမ်းရေးကူညီပေး မှုနဲ့ လွတ်ပေးလိုက်ပြီ” - ဟု ကျိုင်းတုံရောက် အမည်မဖေါ်လိုသည့် ဝန်ထမ်း အသိုင်းအဝိုင်းကပြောသည်။

Chinese truck

မတ် ၂၀ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နှင့် သျှမ်းပြည်နယ်စပ် မိုင်းဖျန်-ဟိုတောဝ်းမှတဆင့် လမ်းမှားကာ မိုင်းယန်းမြို့သို့ရောက်ရှိလာသော တရုတ်နိုင်ငံ နံပါတ်ပြားပါ ကား ၄စီးမှာ ဝ သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေအလွန် မိုင်းယန်းမြို့ ဌာနပေါင်းစုံဂိတ်၌  ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။

မတ် ၂၃ရက် နံနက် ၁၀နာရီမှသာ အဆိုပါကားများအား မြန်မာအစိုးရဘက်မှ ပြန်လွှတ်ပေးလိုက်သည်ဟု မိုင်းပေါက်ဒေသခံ ဦးအိုက်နပ်က ပြောသည်။

သီးခြားအတည်ပြုချက် မရသေးသည့် သတင်းအရ အဆိုပါ ကားများသည် ပန်ဆန်း၊ ဝ ဌာနချုပ်အတွက် အလုပ်လုပ်ပေးရန် လူရောကားပါ အငှားလိုက်သည့် ကားများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ တိုက်ရိုက်ဝင်လာသော ကားမဟုတ်ဘဲ ပန်ဆန်းမှတဆင့် ရွှေတြိဂံဘက်မှ ဝင်လာသည့် ပစ္စည်းများသယ်ယူရန် အထူးဒေသ ၄ ဘက် ဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။

မိုင်းဖျန်နှင့် ဟိုတောဝ်းသည် ၀ အုပ်ချုပ်ရေးစနစ်တွင် မြို့နယ်အဆင့်ထားရှိပြီး၊ မိုင်းပေါက်မှာမူ ခရိုင်အဆင့် ထားရှိသည်။ သို့သော် မြန်မာအစိုးရ အုပ်ချုပ်ရေးစနစ်တွင် မိုင်းပေါက်အပါဝင် မိုင်းဖျန်၊ ဟိုတောဝ်းတို့အား မိုင်းယန်းမြို့လက်အောက်ခံ မြို့နယ်ခွဲအဆင့် ထားရှိသည်။