တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့အရေး ကိစ္စများကို တောင်းဆိုသွား ရန် မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ (ဗဟို) ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီမှ တာဝန်ခံ မစုစုနွေးက ပြောသည်။
၎င်းက မတ် ၂၂ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ တရားရိပ်သာ ကျောင်းတိုက်တွင် ပြုလုပ် သည့် မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ(ဗဟို)ကို တည်ဆဲဥပဒေများနှင့်အညီ တရားဝင်မှတ်ပုံ တင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။
မစုစုနွေးက ‘‘တောင်သူလယ်သမားတွေ ဆန္ဒနဲ့ တောင်သူလယ်သမား သမဂ္ဂဝင်တွေ မဟုတ်တဲ့ စစ်မှန်တဲ့ တောင်သူလယ်သမားတွေရဲ့ သဘောထားတွေ ပါတင်ပြပြီး တောင်းဆိုဖို့ ဒီအဖွဲ့အစည်းကို ဖွဲ့ခြင်းဖြစ်တယ်'' ဟု ပြောသည်။
တောင်သူလယ်သမား သမဂ္ဂ(ဗဟို)ကို မှတ်ပုံတင်နိုင်ရန် ဖွဲ့စည်းပုံ ဥပဒေမူကြမ်းရေးဆွဲထားပြီး အလုပ်အမှုဆောင်များကို ရွေးချယ်၍ လာမည့်တစ်ပတ်အတွင်း တင်ပြသွားမည် ဖြစ်သည်။
မစုစုနွေးက ''မှတ်ပုံတင်ဖို့ ဖွဲ့စည်းပုံ ဥပဒေမူကြမ်း ရေးဆွဲထားတယ်။ အစိုးရကို ဘာတွေပြင်ပြီင်္းတင်ချင်လဲ ဆိုတာ ဆွေးနွေးတယ်။ ဒီနေ့ အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်မယ်'' ဟု ပြောသည်။
အဆိုပါသမဂ္ဂ(ဗဟို)၏ လုပ်ငန်းစဉ်များမှာ နိုင်ငံအနှံ့အပြားတွင် တောင်သူလယ်သမားများကိုယ်တိုင် ဦးဆောင်ပါဝင်သော ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်နှင့် နိုင်ငံ လုံးဆိုင်ရာအဆင့် တောင်သူလယ်သမားသမဂ္ဂများ ဖွဲ့စည်းပေးမည်ဖြစ်သည်။ တောင်သူလယ်သမားတို့ ကြံုတွေ့နေရသော လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာများ ကို တောင်သူလယ်သမားများဘက်မှ ကူညီဖြေရှင်းဆောင်ရွက်ပေးမည်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်ကျော်မင်းက ''အခုလို ဗဟိုဆိုတာ အရေးကြီးတယ်။ ဒေသအသီးသီးမှာရှိတဲ့ လယ်သမားတွေအတွက် အခွင့်အရေးရနိုင် တယ်။ တောင်သူလယ်သမားတွေကို ထွက်ကုန်နည်းနည်းနဲ့ တန်ကြေးမြင့်မြင့်လေး ဖြစ်စေချင်တယ်'' ဟု ပြောသည်။
အဆိုပါသမဂ္ဂ(ဗဟို)၏ ရည်ရွယ်ချက်မှာ တောင်သူလယ်သမားတို့၏ လူမှုရေး၊ စီးပွားရေးဘဝကို မြှင့်တင်ပေး ရန်၊ တောင်သူ လယ်သမားတို့၏ အခွင့်အရေးကို ကာကွယ်ပေးရန်၊ တောင်သူလယ်သမားများကိုယ်တိုင် မိမိတို့၏ အခွင့်အရေးများကို ဥပဒေဘောင်အတွင်းမှ တရားနည်းလမ်းတကျ စီမံဆောင်ရွက်နိုင်ရန်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန် အစရှိသည်တို့ ဖြစ်သည်။