DKBA စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မိုရှေးအား စောလားပွယ် ယာယီလွှဲပေး

DKBA စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မိုရှေးအား စောလားပွယ် ယာယီလွှဲပေး
by -
ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်သည် ကျန်းမာရေး အခြေအနေအရ စစ်ဘက်ဆိုင်ရာ တာဝန်အားလုံးကို ဒုစစ်ဦးစီချုပ်ဖြစ်သူ ဗိုလ်ချုပ် စောမိုရှေးအား တာဝန် ယာယီလွှဲအပ်ပေးခဲ့ကြောင်း DKBAအရာရှိများထံ အသိပေးစာတစ်စောင် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထား ကာ မတ်လ ၂၁ရက်နေ့က ထုတ်ပြန်လိုက်သည်။

ကလိုထူးဝါး တပ်မဟာထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက “ဗိုလ်ချုပ်က သူနေမကောင်းသေးတဲ့ ကာလအတောအတွင်းမှာ သူ့တာဝန်ကို ဒုစစ်ဦးစီးချုပ်ကို ယာယီလွှဲထားလိုက်တာပါ။ လုံးဝအနားယူသွားတာ မဟုတ်ပါဘူး။ ပြန်နေကောင်းသွားရင် သူ့တာဝန်ကို ပြန်ပြီးယူမှာဖြစ်တယ်။ အခုလောလောဆယ်တော့ သူစကားမပြောနိုင်သေးလို့ သူ့တာဝန်ကို ခဏလွှဲထားတာပါ ”ဟု ကေအိုင်စီသို့ ပြောသည်။

IMG 9370

ဗိုလ်ချုပ်စောလားပွယ်က တာဝန်မှ ယာယီအနားယူခြင်းသာဖြစ်၍ DKBAအဖွဲ့အစည်းအတွက် ထိခိုက်သွားရန် အကြောင်းမရှိသလို အစိုးရနှင့် လက်ရှိလုပ်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကိုလည်း တစုံတရာ ထိခိုက်သွားမည်မဟုတ်ကြောင်း ဗိုလ်ကြီး စောသရီးထူးက ဆက်ပြောသည်။  

ဗိုလ်ချုပ်ကြီးစောလားပွယ်သည် ၂၀၁၃ခုနှစ် ကုန်ပိုင်းက ခံစားနေရသည့် လည်ချောင်း ကင်ဆာဝေဒနာကို စင်္ကာပူနိုင်ငံသို့ ခြောက်လကျော်ကြာ သွားရောက် ဆေးကုသမှုခံရာတွင် ပြန်လည်ကောင်းမွန်လာသော်လည်း ယခု ကျန်းမာရေး အခြေအနေ အနည်းငယ် ပြန်လည်ဆိုးရွားလာသည့်အပေါ် တာဝန်မှ ယာယီအနားယူ လိုက်ခြင်းဖြစ်သည်ဟု DKBA က ပြောသည်။

IMG 9365

ကရင်အမျိုးသားအစည်းအရုံး (KNU) မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောဇောရိုးက “ကျန်းမာရေး အခြေအနေကြောင့် သူမလုပ်နိုင်သေးတဲ့ ကာလမှာ သူ့တာဝန်ကို ဗိုလ်ချုပ် ဗိုလ်မိုရှေးကို လွှဲပြောင်းပေး လိုက်တာ ကောင်းပါတယ်။ အခုလွှဲပြောင်းပေးတာလည်း ယာယီပဲလေ။ သူပြန်နေကောင်းလာရင် သူ့တာဝန်ကို ပြန်ယူနိုင်မှာပါ။ သူအမြန်နေပြန်ကောင်းလာပါစေလို့ပဲ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

DKBA အဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းရုံး (KNU)မှ ခွဲထွက်ကာ အစိုးရနှင့် ၁၅နှစ်ကျော်ကြာ ပူးပေါင်းခဲ့ပြီးနောက် ၂၀၁၀ခုနှစ်၌ အဖွဲ့ဝင်အများစုမှာ နယ်ခြားစောင့်တပ်အဖြစ်သို့ ကူးပြောင်းခဲ့သော်လည်း ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ကလိုထူးဘောအဖွဲ့ကမူ အစိုးရကို ပြန် လည်တိုက်ခိုက်ခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ လက်မှတ်ရေး ထိုးခဲ့သည်။