ဖွဲ့စည်းပုံပါ အာဏာ၊ သယံဇာတနှင့် အခွန်အခ ခွဲဝေခြင်းကို ပီပီပြင်ပြင် ပေါ်ပေါက်လာစေရန် တပ်မတော်ကတင်သည့် အရေးကြီးအဆို လွှတ်တော်အတည်ပြု

ဖွဲ့စည်းပုံပါ အာဏာ၊ သယံဇာတနှင့် အခွန်အခ ခွဲဝေခြင်းကို ပီပီပြင်ပြင် ပေါ်ပေါက်လာစေရန် တပ်မတော်ကတင်သည့် အရေးကြီးအဆို လွှတ်တော်အတည်ပြု
by -
မဇ္ဈိမ

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ၊ ဦးစီးအဖွဲ့ဝင်များ၏ ဥပဒေပြုရေးနှင့် အခွန်အခဆိုင်ရာ သတ်မှတ်ချက် များနှင့်အညီ အာဏာခွဲဝေခြင်း၊ သယံဇာတခွဲဝေခြင်းနှင့် အခွန်အခခွဲဝေခြင်းများကို ပီပီပြင်ပြင် ပေါ်ပေါက် လာရေးအတွက် ဥပဒေနှင့် နည်းဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပေးရန် အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက်သည်။

အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်ဆန်းက ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ဗိုလ်မှူးချုပ်မောင်မောင်က ထောက်ခံဆွေးနွေးကာ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းနေချိန်ဖြစ်သည့်အပြင် ပြင်ဆင်ရာတွင်လည်း ထည့်သွင်းမည်ဟု သဘောတူညီထားသည်ဟု ဆွေးနွေးခဲ့သည်။

၎င်းက ''အခု အရေးကြီးအဆိုတင်တဲ့ကိစ္စကို ကြည့်ရင် အရေးတကြီးအဆို တင်လောက်တဲ့ အင်္ဂါရပ်တွေ ညီ မညီကြည့်ရပါမယ်။ အရေးတကြီးအဆို တင်လောက်တဲ့ လောလောဆယ် အရေးတကြီးကိစ္စမရှိဘူး။ နောက် တစ်ခုက အများပြည်သူအတွက် အရေးတကြီးလိုအပ်နေတဲ့ ကိစ္စလား။ နောက်တစ်ခုက သာမန်နည်းလမ်း အားဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်တော့တဲ့ ကိစ္စလား။ ဒါမှမဟုတ် သင့်လျော်တဲ့အချိန်အတွင်းမှာ တင်သွင်းဆွေးနွေးရန် သတ်မှတ်ပြီးတဲ့ကိစ္စ မဖြစ်စေရ ဆိုတာ ရှိပါတယ်’’ ဟု ပြောသည်။

ဒေါက်တာအေးမောင်က လာမည့်မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ တွင် ပါရှိသော ပုဒ်မများသာ ပြင်ဆင်ပါက ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲ ဥပဒေရေးဆွဲနေသည့်ကာလဖြစ်သည့်အတွက် ဇယား ၁နှင့် ဇယား ၅ ကြားရှိ ပုဒ်မများ ပြင်ရုံနှင့် မပြီးဟု သုံးသပ်သည်။

၎င်းက "ဒီကာလမှာ ဒီအရေးကြီးအဆိုလောက်နဲ့ ဇယား ၁ ကနေ ဇယား ၅ ကြားမှာရှိတဲ့ ပုဒ်မတွေကို ပြင်ရုံလောက်နဲ့ ကျွန်တော်တို့ရဲ့ အင်မတန်အရေးကြီးတဲ့ ပြည်ထောင်စုရဲ့ အကျဉ်းအကျပ်ကို ကယ်မနိုင်မယ့် ကာလမဟုတ်ဘူးလို့ သုံးသပ်ပါတယ်’’ ဟု ပြောသည်။

အခြေခံဥပဒေပါ နောက်ဆက်တွဲဇယား ၁၊ ၂၊ ၃ နှင့် ၅ တွင်ပါရှိသော တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် ဥပဒေပြုခွင့်၊ အခွန်ကောက်ခံခွင့်နှင့် အာဏာအပ်နှင်းမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းထားသော်လည်း ယင်းကိစ္စကို ယနေ့အချိန်အထိ ကျင့်သုံးနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးချုပ်တင်ဆန်းက ပြောသည်။

ဇယား(၂)အရ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် လက်တွေ့အကောင်အထည်ဖော်မှု မရှိသေးကြောင်း၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့်သစ်တောကဏ္ဍကို လက်တွေ့ဆောင်ရွက်နိုင်မှု အားနည်းနေပြီး စက်မှုကဏ္ဍတွင်လည်း အကောင်ထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စများကို ယခုအစိုးရသက်တမ်းမကုန်ဆုံးမီ တိုင်းနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တွင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်တို့မှ လိုအပ်သည့်ဥပဒေနှင့် နည်းဥပဒေ များ ပြဋ္ဌာန်းရန် လိုအပ်နေကြောင်း၊ အဆိုပါကိစ္စများကို အကောင်အထည်ဖော်နိုင်မှသာ အခြေခံဥပဒေအညီ ရသင့်ရထိုက်သည့် အခွင့်အရေးကို အသုံးချနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

"လွှတ်တော်နာယက တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အပါအဝင် အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆိုသည်။

ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ထောက်ခံခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိသောကြောင့် အတည်ပြုကြောင်း ၎င်းက ကြေညာခဲ့သည်။