တတိယ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံကို ချင်းပြည်နယ် ဟားခါး၌ ၃ ရက်တိုင်တိုင် ကျင်းပခဲ့

တတိယ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံကို ချင်းပြည်နယ် ဟားခါး၌ ၃ ရက်တိုင်တိုင် ကျင်းပခဲ့
by -
သျှမ်းသံတော်ဆင့်

တတိယ အကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံအား နိုင်ငံတကာမြန်မာသတင်း BNI နှင့် ၎င်း၏ အဖွဲ့ဝင် သတင်းဌာနများဖြစ်ကြသည့် ချင်းပြည်နယ် အခြေစိုက် Chin world နှင့် Khonumthung မီဒီယာ အဖွဲ့တို့မှ ပူးပေါင်းကာ ချင်းပြည်နယ် ဟားခါးမြို့ CARSON HALL ခန်းမ၌  မတ်လ ၁၈ရက်နေ့မှ ၂၀  ရက်နေ့အထိ ကျင်းပခဲ့သည်။

ညီလာခံအဖွင့် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ပြည်ထောင်စုပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးပိုက်ထွေး၊  ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဒေါက်တာရွှေခါး၊ မန္တလေးမြို့မှ သတင်းစာ ဆရာကြီးများနှင့် အရပ်ဖက်လူထုအဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြသည်။

EMC 7

အခမ်းအနား၌ BNI ဘုတ်ဒါရိုက်တာ (Board Director) နန်းဖော့ဂေက ညီလာခံကျင်းပရခြင်းရည် ရွယ်ချက်နှင့် BNI အဖွဲ့ အကြောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်က သတင်းမီဒီယာ ဥပဒေနှင့် ဒီမိုကရေစီ အကြောင်း၊ ပြန်ကြားရေးဝန်ကြီးက မြန်မာနိုင်ငံအတွင်းမှ ခွင့်ပြုထားသော သတင်းစာစောင်များအကြောင်းနှင့် ထုတ်ဝေခွင့် လိုင်စင်များအကြောင်း၊ ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဒေါက်တာရွှေခါးက ချင်းအမျိုးသား တပ်ဦးနှင့် မြန်မာ့ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုစဉ်က ချင်းပြည်နယ်အတွင်းရှိ မီဒီယာ လွတ်လပ်ခွင့်အကြောင်း အသီးသီးပြောကြားကြသည်။

တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် BNI အဖွဲ့ဝင် သတင်းဌာန (၁၃)ဖွဲ့အပြင်  အခြားသော ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့များ၊ တိုင်းရင်းသားမီဒီယာအဖွဲ့များနှင့် အစိုးရပိုင်သတင်း ဌာနဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် ပြည်ထောင်စု ရုပ်သံလိုင်း NRC တို့လည်း တက်ရောက်သည်။

ပထမအကြိမ်တိုင်းရင်းမီဒီယာညီလာခံအား ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်ကိုမူ ၂၀၁၄ ခုနှစ် သျှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည်။