အရေးကြီးသော အသွင်ကူးပြောင်းရေးအခန်းကဏ္ဍတွင် မြန်မာစစ်တပ် ဆက်လက်ပါ၀င်နေဦးမည်ဟု သမ္မတပြော

အရေးကြီးသော အသွင်ကူးပြောင်းရေးအခန်းကဏ္ဍတွင် မြန်မာစစ်တပ် ဆက်လက်ပါ၀င်နေဦးမည်ဟု သမ္မတပြော
by -
မဇ္ဈိမ

ဒီမိုကရေစီ ပိုမိုရင့်ကျက်ကြီးထွားလာသည်အထိ မြန်မာစစ်တပ်က အဓိကကျသော အခန်းကဏ္ဍမှ ဆက်လက်ပါ၀င်နေဦးမည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ဘီဘီစီနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

နေပြည်တော်တွင်ပြုလုပ်သည့် ဘီဘီစီသတင်းဌာန၏ မေးမြန်းမှုတွင် ပြုပြင်ပြောင်းလဲရေးများကို စစ်တပ်က ပျိုးထောင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သော်လည်း မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ လွှမ်းမိုးမှုကို မည်သည့်အချိန်တွင် လျှော့ချသွားမည်ဆိုသည့် အကြောင်းကိုမူ ပြောကြားခြင်းမရှိခဲ့ဟု ဘီဘီစီက ဆိုထားသည်။

တပ်မတော်သည် အမျိုးသား အကျိုးစီးပွားနှင့်သာ ဆိုင်သည့် ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်ကြောင့် ရပ်တန့်နေသည်ဆိုသည်မှာ  မမှန်ဟု သမ္မတက ပြောကြားခဲ့သည်။ တပ်မတော်သည် မည်သည့်နိုင်ငံရေး ပါတီနှင့်မျှ ပတ်သက်ခြင်းမရှိဘဲ၊ အမျိုးသားအကျိုးစီးပွားနှင့်သာ သက်ဆိုင်သည်ဟု သမ္မတက ဆိုခဲ့သည်။

တပ်မတော်သည် စစ်ဖြစ်လျှင် နိုင်ငံအတွက် တိုက်ခိုက်ပေးရန်နှင့် စစ်ပွဲမရှိလျှင် ပြည်သူ့အကျိုးစီးပွားကို ထမ်းဆောင်ရန်၊ ပြည်သူ့အကျိုးစီးပွား ထမ်းဆောင်ခြင်းသည် အမျိုးသားနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းဖြစ် သည်ဟုလည်း သမ္မတက ဖြေကြားခဲ့သည်။

စစ်တပ်သည် ဒီမိုကရေစီထွန်းကားစေရန် ကူညီသည့်အဖွဲ့ဟု ဆို

''တကယ်တော့ စစ်တပ်ဟာ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားကြွယ်ဝလာအောင် ကူညီနေတဲ့ အဖွဲ့အစည်းကြီးပါ။ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးစံတွေ၊ အကျင့်တွေ ရင့်ကျက်လာတာနဲ့အမျှ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာလည်း တဖြည်းဖြည်း ပြောင်းလဲသွားမှာပါ''ဟု သမ္မတက ဆိုခဲ့သည်။

စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို လျှော့ချမည့် အချိန်ကိုမူ သမ္မတက သတ်မှတ်ပေးရန် ငြင်းဆိုခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့်အရာဟုသာ ဆိုထားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်နှင့်သာ ဆိုင်၊ လိုအပ်လျှင် ပြည်သူ့ဆန္ဒခံယူမည်
သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုနှင့် ပတ်သက်၍ မစိုးရိမ်ဘဲ လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး လိုအပ်လာပါက ပြည်သူတို့၏ ဆန္ဒခံယူမည်ဟု ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်နေသည့် ဥပဒေပုဒ်မ ၅၉(စ)ကို ဖယ်ရှားလိုသည့် ဆန္ဒကို အရိပ်အမြွတ်ပြသော်လည်း သမ္မတက တကယ်ဆန္ဒ ရှိမရှိမှာမူ ဝေဝါးဝါးပင်ပြောကြားခဲ့သည်။

တရားဝင်မှုကန့်သတ်ချက်မှာ ၁၉၄၇ခုနှစ် ကတည်းကရှိခဲ့ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ ဖခင်ကိုယ်တိုင် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု သမ္မတက ဆိုလေသည်။   ထို့ပြင် လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ရှိနေသည့်အတွက် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရမည့် အချက်ကို စဉ်းစားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲခဲ့သည်ဟု လည်း သမ္မတက ဆိုလေသည်။

ကိုးကန့်ကိစ္စ ပြည်တွင်းရေးကို ပြည်တွင်းမှာပဲ ဖြေရှင်းမည်         

စစ်သား ၂၀၀ ကျော်နှင့် အရေအတွက် မသိရသည့် အရပ်သားများ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည့် ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်၍မူ သမ္မတကြီးက ပိုမိုကြီးမား ပိုမိုချမ်းသာသည့် အိမ်နီးချင်းနိုင်ငံကြီးကို အပြစ်မတင်ဘဲ ''ဒါက ပြည်တွင်းရေးဆိုတော့ ပြည်တွင်းမှာပဲ ဖြေရှင်းရမှာပေါ့'ဟု   ဖြေကြားခဲ့သည်။

''တရုတ်က ဒါကို မဖြေရှင်းနိုင်ဘူး။ ကျွန်တော်တို့ ကိုယ့်ဖာသာ ဖြေရှင်းရမှာ။ တရုတ်က မစွက်ဖက်ရေးမူဝါဒကို ကျင့်သုံးတော့ သူတို့ရဲ့ ပိုင်နက်အတွင်းက မြန်မာကို တိုက်ခိုက်မယ်ဆိုရင် ဘယ်အုပ်စုကိုမှ လက်မခံဘူးလို့ လည်း ပြောပြီးသားပါ''ဟု သမ္မတက ပြောခဲ့သည်။