တရုတ်နိုင်ငံတွင်းကျ ကျည်ဆံစများကို စစ်ဆေးနေပြီဟု ဦးရဲထွဋ်ပြော

တရုတ်နိုင်ငံတွင်းကျ ကျည်ဆံစများကို စစ်ဆေးနေပြီဟု ဦးရဲထွဋ်ပြော
by -
မဇ္ဈိမ

 မြန်မာ-တရုတ်နယ်စပ်ရှိ လောက်ကိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် တရုတ်မြေပိုင်နက်အတွင်း ကျရောက်ခဲ့သော ကျည်ဆန် ကွဲစများ၏ နမူနာများကို ရယူစစ်ဆေးနေပြီဟု  ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

သမ္မတပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးရဲထွဋ်က  "ကျည်ကွဲစကို စစ်ကြည့်လိုက်ရင် လေယာဉ်ပေါ်က ဗုံးလား၊ မြေပြင်က ပစ်တဲ့ ဗုံးလား၊ စိန်ပြောင်းကျည်ဆန်လား ခွဲလို့ရတာပေါ့။ ဒါနှစ်ဘက် ကျွမ်းကျင်သူတွေ လုပ်မှာပေါ့" ဟု ပြောသည်။

U-Ye-Htut-2

ကျည်ဆန်ကွဲစများကို မတ်လ ၁၆ရက်က တရုတ်နိုင်ငံဘက်မှ ဒေသအာဏာပိုင်အဖွဲ့အပါအဝင် ယူနန်ပြည်နယ်၊ ပြည်နယ်နိုင်ငံခြားရေးမှ တာဝန်ရှိသူများ၊ ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ၏ တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်၍ သက်သေပစ္စည်းများ ယူဆောင်ခဲ့ပြီဟုလည်း ၎င်းက ပြောသည်။

"ကျည်ကွဲစရဲ့ အဖြေပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ပြီးတော့ ဆွေးနွေးရမှာပေါ့" ဟု ဆိုသည်။

တရုတ်မြန်မာနယ်စပ်ဖြစ်သော လောက်ကိုင်တွင် တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တို့၏ အပြန်အလှန် ပစ်ခတ်မှုကြောင့် မတ်လ ၁၃ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincaung နယ်စပ်မြို့၏ ကြံစိုက်ခင်းအတွင်း ဗုံးကျရောက်ခဲ့သဖြင့် တရုတ်နိုင်ငံသား လေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းကိစ္စကြောင့် တရုတ်အစိုးရ၏ စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Fan ChangLong က မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သတိပေးပြောကြားထားပြီး တရုတ်-မြန်မာနယ်စပ် တင်းမာမှုအခြေအနေ အချို့ကြောင့် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ထားခဲ့သည်။