မစ္စယန်ဟီလီက မြန်မာနိုင်ငံသို့ ရောက်ရှိသည့် နှစ်ကြိမ်တွင် မြန်မာနိုင်ငံ၏ ကြီးမားသော အလားအလာ များ တွေ့ခဲ့ရကြောင်း၊ အသွင်ကူးပြောင်းရေးမှာ ခရီးတွင်ခဲ့ပြီး ကြီးမားသော စိန်ခေါ်မှုများလည်း ရှိနေပြီး ဒီမိုကရေစီပြုမှုနှင့် ဖွံ့ဖြိုးမှု၏ အကျိုးခံစားခွင့်တွေကို လူတိုင်းခံစားနိုင်စေရန် စိန်ခေါ်မှုများကို မလွဲမသွေဖြေရှင်းသွားကြ ရမည်ဖြစ်ကြောင်း မတ်လ ၁၆ရက်က ပြုလုပ်သည့် ၂၈ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ၏ အဖွင့်မိန့်ခွန်းတွင် ဆိုထားသည်။
မြန်မာနိုင်ငံသို့ ၂၀၁၄ခုနှစ် ဇူလိုင်လနှင့် ၂၀၁၅ခုနှစ် ဇန်နဝါရီ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် အဖြစ်လာရောက် လေ့လာခဲ့သူ ဖြစ်သည်။
မြန်မာ အစိုးရအပေါ် စိတ်ပျက်မိ
မစ္စယန်ဟီလီက မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ခရီးစဉ်များတွင် ဘေးကင်းလုံခြံုမှုရှိစေရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုသော်လည်း ခရီးစဉ်အတွင်း မြန်မာပြည်သူများ၏ မယုံကြည်မှု၊ သဘောထားကွဲလွဲမှု၊ သွေးထိုး လှုံဆော်မှုများ ကျန်ရစ်စေနိုင်သည်ဟူသော အစိုးရ၏ ပြောဆိုမှုအပေါ် စိတ်ပျက်မိသည်ဟုလည်း ယင်း၏ အစီရင်ခံစာတွင် ထည့်သွင်းပြောကြားထားသည်။
အစီရင်ခံစာတွင် မြန်မာ လူ့အခွင့်အရေးပြဿနာ နောက်ကြောင်းပြန်မှု ဖော်ပြထား
လူ့အခွင့်အရေးတွင် အချို့မှာ တိုးတက်မှုရှိသော်လည်း လူ့အခွင့်အရေးကောင်စီသို့ တင်ပြသည့် အစီရင်ခံချက်တွင် အဓိကကျသည့် လူ့အခွင့်အရေးပြဿနာများမှာ နောက်ကြောင်းပြန် ဆုတ်ယုတ်နေသော စိုးရိမ်စရာ လက္ခဏာများကို ညွှန်ပြနေသည့် စိန်ခေါ်မှုများလည်း ရှိနေသည်ဟု မစ္စယန်ဟီလီ၏အစီရင်ခံစာ တွင် ဖော်ပြထားသည်။
အမျိုးသား ပညာရေး ဥပဒေပြုပြင်ရေး ဆန္ဒထုတ်ဖော်သူများအား အမြန်ဆုံးလွှတ်ပေးပါ
မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေကို လူ့အခွင့်အရေးကောင်စီသို့ အသိပေးတင်ပြလိုကြောင်း၊ အမျိုးသား ပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲရေး ကျောင်းသားများ၏ဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်ပြီး မတ်လ ၁၀ရက် လက်ပံတန်းမြို့ဖြစ်ရပ်တွင် ကျောင်းသားနှင့် အရပ်သားပြည်သူများကို အင်အားအလွန်အကျွံသုံး ဖြိုခွင်းခြင်းနှင့် လူပေါင်း ၁၂၇ဦးကို ဖမ်းဆီးလိုက်ခြင်းနှင့် ၂၀၁၂ခုနှစ်က လက်ပတောင်းကြေးနီသတ္တုတွင်း မှာ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေး ပေးရန်၊ ရဲတပ်ဖွဲ့နှင့်အတူ အရပ်ဝတ်များ ပါဝင်လာခြင်း၊ လုံလောက်စွာ လေ့ကျင့်ခြင်းမရှိသည့် တာဝန်ခံခြင်း မရှိခြင်းသည့် တရားဥပဒေစိုးမိုးရေး အတွက် အသုံးပြုခြင်းသည် အန္တရာယ်ကြီးမားကြောင်း၊ ဆန္ဒပြသူ အားလုံးကို ချက်ချင်းလွှတ်ပေး ရန် တောင်းဆိုလိုက်ကြောင်း ဆိုခဲ့သည်။
သတင်းထောင်များ စစ်ဆေးဖမ်းဆီးခြင်းကို ရပ်ပါ
မည်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် မဆို လွတ်လပ်အမှီခိုကင်းသည့် မီဒီယာသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါ၀င်နေပြီ ဂျာနယ်လစ်များကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပြီး ၂၀၁၄ခုနှစ် တစ်နှစ်တည်းမှာပဲ ဂျာနယ်လစ် ၁၀ဦး အကျဉ်းချခံခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် အဓိပ္ပာယ်ပြည့်ဝပြီး ဒီမိုကရေစီကျ သည့် နိုင်ငံတစ်ခု ကို ဖန်တီးလိုပါက ဂျာနယ်လစ်များကို ဖမ်းဆီးစစ်ဆေးခြင်း ရပ်ပစ်ရန်လိုအပ်ဟု ဆိုသည်။
ငြိမ်း၊ စု၊ စီ ဥပဒေနှင့် ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ)ဖြင့် ထိန်းသိမ်းမှုများအပေါ် စိုးရိမ်
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းခွင့် ဥပဒေနှင့် ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ဆက်လက်ထိန်းသိမ်းခံနေရ ဆဲ နိုင်ငံရေးအကျဉ်းသားများအတွက် စိုးရိမ်သည်ဟု ဆိုသည်။
ကိုးကန့်တိုက်ပွဲများ ပြင်းထန်မှု အစိုးရကို သတိပေး
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတွင် အစိုးရနှင့် တိုင်းရင်းသားအုပ်စုများအကြား ကြိုးပမ်းအားထုတ်နေကြသော်လည်း အရေးပေါ်အခြေအနေ ကြေညာခဲ့ရတဲ့အထိ ကိုးကန့်ဒေသမှာ တိုက်ပွဲများ ပြင်းထန်လာမှုအပေါ် အထူးစိုးရိမ်မိကြောင်း၊ ဒီတိုက်ပွဲတွေမှာ လူပေါင်း ၁၀၀ခန့် သေဆုံးခဲ့ရပြီး၊ လူထောင်နှင့်ချီ၍ နေရပ်မှ ထွက်ပြေးခဲ့ကြရခြင်းကြောင့် အစိုးရကို သတိပေးလိုသည်မှာ အရေးပေါ်အခြေအနေ ကြေညာထားသော်လည်း အခြေခံလူ့အခွင့်အရေးများကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားရန် လိုအပ်ကြောင်း သတိပေးထားသည်။
ကလေးစစ်သား စုဆောင်းမှု အစိုးရ စစ်တပ်နှင့် လက်နက်ကိုင်များတွင် ရှိနေဆဲ
အစိုးရစစ်တပ်နှင့် လက်နက်ကိုင်အုပ်စုများကြားတွင် ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်ပြီး စောင့်ကြည့် စစ်ဆေးသည့် စနစ်များ ပိုပြီးအားကောင်းမောင်းသန် ဖြစ်လာရန် တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်အရေး စိုးရိမ်နေရဆဲ
ပဋိပက္ခကို မီးထိုးပေးနေသည့် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုအပေါ် ခွဲခြားဆက်ဆံမှုက လည်း နောက်ထပ်တင်းမာမှုတွေ မီးထိုးပေးမည့် အန္တရာယ်ရှိနေသည့် လက်ရှိ လွှတ်တော်မှာ တင်သွင်းနေသည့် ဥပဒေ လေးခု၏ အလားအလာနှင့် ပတ်သက်သည့်အတွက် စိုးရိမ်မိကြောင်းနှင့် ရခိုင်ပြည်နယ်၏ အခြေအနေက စိုးရိမ်နေရဆဲပဲဖြစ်ပြီး လူ့အသိုင်းအဝိုင်း နှစ်ခုကြား အခြေအနေက ရန်လိုနေဆဲပဲဖြစ်ကြောင်း၊ ၂၀၁၂နှင့် ၂၀၁၄ခုနှစ် များတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ယုံကြည်အားကိုးလောက်သည့် စုံစမ်းစစ်ဆေးမှုများ မရှိသေးဟုလည်း ဆိုထားသည်။
ရခိုင်လုပ်ငန်းအစီအစဉ် (Rakhine Action Plan)၏ နောက်ဆုံးမူကော်ပီကို မရရှိသေးကြောင်း၊ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကို တရားမဝင်နိုင်ငံခြားသားများဟု သတ်မှတ်ပြီး၊ ကာလရှည် ဒုက္ခသည် စခန်းတွေမှာ အကျဉ်းသားများ ကဲ့သို့ ပိတ်လှောင်ထားခြင်းမျိုး၊ နယ်မြေက ဖယ်ရှားပစ်ခြင်းမျိုးများ လုပ်ဆောင်မည်ကို စိုးရိမ်ကြောင်း ဆိုထားသည်။
သမ္မတကြီးသို့ ပန်ကြားခြင်း
၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲပြီး လွတ်လပ်မျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်မည့် အလားအလာ ရှိသည့် ၂၀၁၅ခုနှစ်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ ပြောင်းလဲရမည့် နှစ်တစ်နှစ်ပဲ ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေပြင်ဆင်မှုတွင် အပြည့်အဝ နိုင်ငံသားဖြစ်မှသာ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ရှိသည့် အပေါ်စိုးရိမ်ကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူရာတွင် ယာယီအဖြူရောင်ကတ် ကိုင်ဆောင်သူများ တရားမဝင်ကြောင်း သတ်မှတ်ခြင်းအပေါ်လည်း စိုးရိမ်ကြောင်း၊ မဆိုင်းမတွဖြေရှင်းရမည့် စိန်ခေါ်မှု အမြောက်အမြားနှင့် အန္တရာယ် ကြံုတွေ့နေရသည့် နေရာများကို ရိုးရိုးသားသား မီးမောင်းထိုးပြရန် အရေးကြီးကြောင်း ပြောကြားထားသည်။
ဦးဝီရသူ နောက်ဆုံးတိုက်ခိုက်မှုနှင့် နိဂုံးချုပ်
ဦးဝီရသူကပဲ ကျွန်မကို အခုနောက်ဆုံးတိုက်ခိုက်မှုကို ကောင်စီကို အသိပေးလိုကြောင်းဖြင့် နိဂုံးချုပ်ထားသည်။