ကရင်ပြည်နယ်တွင် ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျရောက်နေ

ကရင်ပြည်နယ်တွင် ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျရောက်နေ
by -
ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ယခုမတ်လတွင် ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျရောက်လျက် ရှိနေသည်ဟု Myanmar Climate Change Watch (MCCW) မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မတ် ၁၇ရက်နေ့က ကေအိုင်စီသို ့ပြောသည်။

၎င်းက “ကရင်ပြည်နယ်အပါအဝင် ဒေသအများစုမှာဖြစ်နေတယ်၊ ခရမ်းလွန်ရောင်ခြည် သုံးမျိုးကျလာတာ ကမ္ဘာကို ကာကွယ်ပေးနေတဲ့အိုဇုန်းလွှာက ပေါက်တဲ့နေရာကပေါက်တယ် ပါးတဲ့နေရာကပါးတယ်၊ ခရမ်းလွန် ရောင်ခြည်ရော နေရောင်ခြည်ပါလေထုကိုဖြတ်ရတာ လေထုအပါးအလွှာကိုရောက်တော့ ခရမ်းလွန်ရောင်ခြည်က ပိုပြီးမြင့်တက်လာတယ် နိုင်ငံရဲ့ လက်ရှိ ပထဝီဝင်အနေထားနဲ့ ပေါင်းလိုက်တဲ့အခါမှာ ဒီအချိန်မှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် ကျရောက်လာတာဖြစ်တယ် ” ဟု ပြောသည်။

IMG 8234

ကရင်ပြည်နယ်တွင် မတ် ၃ရက်နေ ့က ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၁၁ ဒသမ ရ ရှိသလို မတ် ၁၈ရက်နေ့တွင် ၁၂ ဒသမ ၄ ထိထပ်မံမြင့်တက်လာပြီး ယခုလအတွင်း အညွန်းကိန်း လွန်ကဲအဆင့်တွင် ရှိနေမည်ဖြစ်သည်ဟု MCCW က ခန် ့မှန်းထားသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ နဲ့အထက် ကျော်လွန်လာပါက ကျန်းမာရေးအတွက် အန္တရာယ်ရှိ လာနိုင်ပြီး ပြည်သူလူထုသို့ သတိပေးချက်တွေ ထုတ်ပြန်ပေးရမည်ဖြစ်သည်။ အညွှန်းကိန်း ၈ မှ ၁၀ အထိ အဆင့်ကို အလွန်မြင့်မားသည့်အဆင့် (Very High) ဟု သတ်မှတ်သလို  ၁၁ အထက်ကျော်လွန်လာပါက လွန်ကဲအဆင့် (Extreme) လို့သတ်မှတ်ကြောင်း MCCW က ထုတ်ပြန်ထားသည်။

ထို ့ကြောင့် မနက် ၁၁နာရီမှ ၃နာရီအတွင်း နေပူထဲသို့ သွားလာခြင်းကို အတက်နိုင်ဆုံးရှောင်ရန်၊ သွားလာ မည်ဆိုပါကလည်း နေရောင်ခြည်ကို ကောင်းစွာကာကွယ်ပေးနိုင်မည့် လုံခြံုသည့် ခမောက်ကဲ့သို့ ဦးထုပ်မျိုးကို ဆောင်းရန်၊ ခြေလက်များ လုံခြံုမှုရှိသည့် အဝတ်အစားများကို ဝတ်ဆင်သွားလာရန်၊ နေရောင်ခြည် ကာကွယ်သည့် မျက်မှန်များကို အသုံးပြုရန် MCCW ကတိုက်တွန်းထားသည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများမှာ အသားနေလောင်ခြင်း၊ အရေ ပြားကင်ဆာဖြစ်ခြင်း၊ မျက်စိအမြင်အာရုံထိခိုက်ခြင်း၊ DNA များထိခိုက်မှုကြောင့် သားသမီးမရနိုင်ခြင်းတို ့ဖြစ်ပွား နိုင်သည့်အတွက် အထူးဂရုပြုရန်လိုသည်ဟု ဒေါက်တာထွန်းလွင်က ဆက်ပြောသည်။

ဖားအံမြို့နယ်၊ တောင်ကလေး ကျေးရွာ၌ နေထိုင်သည့် နန်းမချောက “နေအရမ်းပူလို့ ကျမကလေးတွေကို အပြင်မှာတောင်ထွက် ကစားမခိုင်ရဲဘူး အိမ်ထဲမှာနေတာတောင် ကလေးတွေ အပူရှိန်ကြောင့် ထင်တယ် အခုတလော  နှာခေါင်းသွေးယိုတာ ခဏခဏ ဖြစ်နေတယ် ဒီတော့ အရမ်းစိုးရိမ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ မတ်လလယ်ပိုင်းတွင် ကချင်ပြည်နယ်၌ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း အလွန်မြင့်မားသည့်အဆင့် ရှိနေကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်သို့ ကျရောက်နေသည်ဟု MCCW သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week