နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများကို လျော့ချသွားရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့ထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peacemaking Working Committee -UPWC) တို့ မတ်လ ၁၇ရက်နေ့က ဆွေးနွေးပွဲတွင် နားလည်လက်ခံခဲ့သည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ကေအိုင်စီ သို ့ ပြောသည်။
၎င်းက “ဒီကနေ့ဆွေးနွေးပွဲက အစီအစဉ်ရေးဆွဲထားတဲ့အတိုင်း လက်နက်ကိုင် ပဋိပက္ခ လျော့ချရေးအပိုင်း ကိုဆွေးနွေးခဲ့တယ်၊ ဒါနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက ပဋိပက္ခလျှော့ချရမယ်ဆိုတာကို နားလည်လက်ခံတယ်၊ ဒီနေ့ ဆွေးနွေးပွဲကတော့ ကောင်းမွန်မှုရှိပါတယ် ” ဟုပြောဆိုသည်။
NCCT နှင့် UPWC တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် စာချုပ် (Nationwide Ceasefire Agreement -NCA) အတွက် (၇)ကြိမ်မြောက် အစည်းအဝေးကို မတ် ၁၇ရက်၊ နေ့လည် ၁၁နာရီမှ ညနေ ၃နာရီထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ စတင်ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် NCA ကိုဆွေးနွေးမှုမပြုလုပ်သေးပဲ အခုလို လက်နက်ကိုင်ပဋိပက္ခ လျော့ချရေး အပိုင်းကိုသာ ဆွေးနွေးခဲ့သည်ဟု NCCT ဘက်က ပြောသည်။
မတ်လ ၁၇ရက်နေ့က စတင်သည့် ရ ကြိမ်မြောက်ဆွေးနွေးပွဲ ကျန်ရက်များတွင် NCA ကို အပြီးသတ် သဘောတူညီမှုရရန် ဆက်ဆွေးနွေးမည်ဖြစ်သလို သဘောတူညီမှုမရသေးသည့် အပိုင်းများကို ဆွေးနွေးကြည့် မှသာ အခြေအနေ ကောင်းမကောင်း သိနိုင်မည်ဟု NCCT အဖွဲ့ခေါင်းဆောင်နိုင်ဟံသာက ဖြည့် ဆွက် ပြောဆိုသည်။
ထိုအပြင် NCA အတွက်နှစ်ဖက် သဘောတူညီမှုမရသေးသည့် အပိုင်းများကိုအပြီးသတ် ညှိနှိုင်းနိုင်ရန် UPWC အနေဖြင့် ပြင်ဆင်ထားသည်ဟု အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် အခုလိုပြောသည်။
“သဘောတူညီမှုမရသေးတဲ့ အချက် ၈ချက်ကို ကျော်လွားနိုင်ဖို့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်များ ပါဝင်တဲ့ UPCC (ပြည်ထောင့်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) က မူဝါဒတွေကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ ချမှတ်ပေးတယ်။ UPWC ကိုယ်စားလှယ်တွေအနေနဲ့လည်း ချမှတ်ပေးထားတဲ့ မူဝါဒတွေအပေါ်ကို အခြေခံပြီး ဒီအစည်းအဝေးမှာ ကျန်ရှိနေတဲ့ အချက်များကို အပြီးသတ်ညှိနိူင်းဖို့ ပြင်ဆင်ခဲ့ကြပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
နေ့တစ်ဝက်နီးပါး ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ NCCT မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို ့ဦးဆောင်တက်ရောက်ခဲ့သလို အစိုးရဖက်မှ UPWC ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
NCCT နှင့် UPWC တို့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ၆ ကြိမ်မြောက် အစည်းအဝေးအထိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) မူကြမ်း ၁၀၄ ချက်အနက် သဘောတူညီမှုရရန် ကျန်နေသည့် ၈ချက်ကို မတ် ၁၇မှ ၂၁ထိ ပြုလုပ်နေသည့် ရ ကြိမ်မြေက်ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးသွားမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များထံမှ သိရသည်။