သျှမ်းပြည်နယ် ဗုဒ္ဓဘာသာ တက္ကသိုလ် ပန္နက်ချ အခမ်း အနား ကျင်းပ

သျှမ်းပြည်နယ် ဗုဒ္ဓဘာသာ တက္ကသိုလ် ပန္နက်ချ အခမ်း အနား ကျင်းပ
by -
သျှမ်းသံတော်ဆင့်

 သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် Shan State Buddhist University သျှမ်းပြည် ဗုဒ္ဓဘာသာ တက္ကသိုလ် တည်ဆောက်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ဦးဆောင်သော သျှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆရာတော် ဒေါက်တာ ဓမ္မသာမိ၊ ဆရာတော် သုခမိန္တတို့ ဦးဆောင်သော သံဃာတော် ၁၁ ပါးတို့က မတ်လ ၁၇ရက်နေ့ မနက်  ရ နာရီမှ ၈ နာရီ ၁၅ အထိ ပန္နက်ရိုက် အခမ်းအနားကျင်းပခဲ့သည်ဟု သိရသည်။

ထို တက္ကသိုလ်နှင့် ပတ်သက်၍ တောင်တန်းသာသနာပြု ဆရာတော်ဦးသုခမိန္တ (စဝ်ဆုခမ်း) က “ပါဠိနဲ့ အင်္ဂလိပ်ဘာသာကို အဓိကထား သင်ကြားပို့ချသွားမယ်။ အမြင့်ဆုံး Ph.D ဘွဲ့ပေးဖို့ ရှိပါတယ်။ သံဃာတော်ရော လူတွေပါ တက်ရောက် ဆည်းပူးနိုင်တယ်။ အခုလောလောဆယ်တော့ ပန္နက်ချရုံပဲ ရှိပါသေးတယ်။ ဘယ်တော့ စဆောက်မလဲဆိုတာ သေချာ မသိရသေးပါဘူး။ ဒီတက္ကသိုလ်ကို ဖောင်ဒေး ရှင်းချတာကတော့ ဆရာတော် ဓမ္မသာမိ ဖြစ်ပါတယ်” ဟု မိန့်တော်မူပါသည်။

001- SSU

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ထိုဗုဒ္ဓဘာသာတက္ကသိုလ် တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃၀ကျော်မှာ ဆရာတော် ပညာဗောဓိက လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထို တက္ကသိုလ်တွင် ဓမ္မတရားတော်အပြင် Apply Buddhism ရွေးချယ်ခွင့်ပေးမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းကိုမူ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓတက္ကသိုလ်နည်းစနစ်နှင့် အောက်စဖို့ဒ်(Oxford)တက္ကသိုလ်က နည်းစနစ် ပေါင်းပြီး ပို့ချသွားမည် ဖြစ်ကြောင်း၊  ကျူတိုရီယယ်စစ်စတမ်(Tutorial System) ဖြစ်ပြီး စာစီစာကုံး (Essay) ရေးသားမှုကို အသားပေးသွားမည် ဖြစ်ကြောင်း ဆရာတော်များက ဆက်လက် မိန့်တော်မူသည်။

“သျှမ်းပြည်တိုင်းရင်းသားတွေကို အယောက်တိုင်း ပညာတတ်စေချင်တယ်။ စာမတတ်လဲ ထမင်းမငတ်ဘူးဆို တဲ့ စကားမပြောဖို့။ သားသမီးတွေကို ရွှေငွေအစား ပညာကို လက်ဆင့်ကမ်းအမွေ ပေးကြပါ။ သျှမ်းပြည်သား လူငယ်တွေကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ တွေးခေါ်မျှော်မြင်မှု တိုးတက်အောင် ပညာကိုလေ့လာ သင်ယူကြပါ ” ဟု ဆရာတော် စဝ်ဆုခမ်းက မိန့်မှာတော်မူသည်။

ဆရာတော် ဒေါက်တာဓမ္မသာမိက ကမကထပြုမည့်  တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်ကို  ၆ ဆောင် တပြိုင်တည်း ဆောက်လုပ်မည်ဖြစ်ကြောင်း၊  ကျောင်းသားဆောင်နှင့် ဆရာအဆောင်များပါဝင် မည်ဖြစ်ကြောင်း၊   ကျောင်းဆောင် ဆောက်ဖို့ ပြည်တွင်းပြည်ပ စေတနာရှင်မှ လှူဒါန်းထားသည့် မြန်မာငွေကျပ် သိန်းပေါင်း ၂ သောင်းနီးပါး ရှိပြီဖြစ်ကြောင်း ဆရာတော်ကိုယ်တိုင်က မိန့်တော်မူသည်။

Most read this week