နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် သျှမ်းပြည် မြောက်ပိုင်း ' ဝ ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေအတွင်းရှိ ဟိုပန်မြို့နယ်၊ နမ့်တစ်မြို့နယ်ခွဲတွင် ကိုးကန့်ဒေသ စစ်ဘေးဒုက္ခသည် ၆၀၀ကျော်မှာ နေရပ်မပြန်နိုင်သေးဘဲ အကူအညီ ထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။
ဒုက္ခသည်တစ်ဦးလျှင် တစ်လ ထောက်ပံ့ငွေ ယွမ် ၃၀၀ အပြင် ဆန်၊ ဆီ၊ ဆား များအား ဝ ရဲဘော်များကဲ့ သို့ ထောက်ပံ့မှု ပေးနေသော်လည်း လုံလောက်မှုမရှိ ဖြစ်နေကြောင်း ဦးအောင်မြင့်က ပြောဆိုသည်။
“ကျနော်တို့ ထောက်ပံ့တာ မလုံလောက်သေးဘူး။ ကလေးတွေ ကျောင်းတက်နိုင်ဖို့လုပ်တယ်။ သူတို့ စားဝတ်နေရေးအတွက် လုပ်ပေးရတယ်။ ဝ တပ်ဖွဲ့ရဲ့ ရဲဘော်လစာလောက်ကိုပေးတယ်။ ဝိုင်းဝန်းကူညီပေးနေတာက ဝ အမျိုးသမီးအဖွဲ့တွေပေါ့။ တခြား ပြင်ပအထောက်အပံ့တော့ မရှိဘူး။ လိုအပ်မှုတော့ ရှိနေဆဲပဲ” ဟု ဦးအောင်မြင့်က ပြောသည်။
ထို စစ်ပြေးဒုက္ခသည်များသည် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အမျိုးသမီးများ အများအပြားပါဝင်ကြောင်း လည်း ၎င်းက ဆိုသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာအစိုးရတပ်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် တပ်ဖွဲ့အကြား ဖေဖေါ်ဝါရီ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည့်နောက်ပိုင်း ကိုးကန့် ဒေသခံ တစ်သိန်းခန့် နေရပ်မှ စွန့်ခွာခဲ့ရသည်။
ကိုးကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် လာရောက် အလုပ် လုပ်ကိုင်နေကြသော အောက်ပြည်မှ မြန်မာအလုပ်သမား တစ်သောင်းကျော်လည်း ဇာတိမြေသို့ ပြန်ခဲ့ရသည်။
သို့သော် ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်းတပ်ဖွဲ့အား တိုက်ထုတ်သည့် မြန်မာစစ်တပ်နှင့်အတူ ရွှေ့ပြောင်း ရောက်ရှိ လာသည့်သူများကိုမူ စစ်ဘေးဒုက္ခသည်အဖြစ် ဝ တပ်ဖွဲ့က လက်မခံကြောင်း ကွန်လုံဒေသခံ ညီနပ် ကပြောသည်။
၂၀၀၉ ခုနှစ်က ၎င်းလက်အောက်ခံ ပိုင်ဆုံချိန်က မြန်မာအစိုး ရနှင့် ပူးပေါင်းကာ ပုန်ကန်၍ ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်း နေရပ်မှ စွန့်ခွါခဲ့ရသည်။ ဖေဖေါ်ဝါရီ လဆန်းပိုင်း အတွင်း ဇာတိမြေ၌ပြန်လည်အခြေရန် ကြိုးစားရာမှာ မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားသောကြောင့် ဒေသခံများ သိန်းကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်။