ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လူငယ်များ တက်ရောက်ရန် နှစ်ဖက်လုံးက ငြင်းဆို

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လူငယ်များ တက်ရောက်ရန် နှစ်ဖက်လုံးက ငြင်းဆို
by -
မဇ္ဈိမ

 ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးလျက်ရှိသည့် ရ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ညှိနှိုင်းဆွေးနွေးပွဲတွင် လူငယ်အဖွဲ့မှ လေ့လာသူနှစ်ဦး တက်ရောက်နိုင်ရန် အဆိုပြုမှုကို နှစ်ဖက်လုံးက မတ်လ ၁၆ ရက် ညပိုင်းတွင် ငြင်းဆိုလိုက်သည်ဟု မြန်မာပြည်တွင်း လူငယ်များ၏ ပညာရေးနှင့် လူမှုရေးဆုံချက်အဖွဲ့မှ ကိုလင်းနီသွေးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ကို ခဏစောင့်ပေးဖို့၊ ဒီတစ်ကြိမ်မှာ တက်ရောက်ခွင့်မရဘူး၊ နှစ်ဖက်လုံးက ငြင်းသွားတယ်။ ဒီအဖွဲ့နှစ်ဖွဲ့လုံးက သဘောတူညီမှု ယူပြီးမှ ငြင်းပယ်ခံရတာပါ။ ကျွန်တော်တို့ကတော့  ဆက်လက် တောင်းဆို မှာပါ"ဟု ကိုလင်းနီသွေးက ပြောသည်။

7-Frequency-Union-Pacific-Meeting-1-s

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လူငယ်များ တက်ရောက်ရန် အဆိုပြုမှုအပေါ် နေရာချထားပေးရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် ဝင်ရောက်ဆွေးနွေးနိုင်ရန်လည်း စည်းမျဉ်းစည်းကမ်း မူဝါဒများ ချမှတ်ရန် အဆင်သင့် မဖြစ်သေး ဟူသည့် အချက် နှစ်ချက်ဖြင့် အစိုးရ၏ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ၏ အကြံပေး အဖွဲ့မှ ဦးအောင်နိုင်ဦးက အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် လူငယ်များအပြင် အမျိုးသမီး အဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမား အဖွဲ့များကလည်း လေ့လာသူအဖြစ် တက်ရောက်ရန် အဆိုပြုထားသေးသည်ဟု သိရသည်။

လူငယ်အဖွဲ့များထဲမှ လေ့လာစောင့်ကြည့်သူ အနေဖြင့် တက်ရောက်ခွင့် ရမည်ဆိုပါက ပညာရေးနှင့် လူမှုရေးဆုံချက်မှ ကိုလင်းနီသွေးနှင့် ရန်ကုန်-လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ထွန်း (၂)ဦးအား လူငယ်များက ရွေးချယ်ထားပြီး ထိုနှစ်ဦးကို တက်ရောက်ခွင့်ပေးပါရန် အဆိုပြုလွှာကို ဇန်နဝါရီ ၁၇ရက်က MPC နှင့် NCCT တို့ထံ တင်သွင်းခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် လူငယ်အဖွဲ့ ၄၀ ကျော် ရှိသည့်အနက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား လေ့လာစောင့်ကြည့်ရန် လူငယ် ၁၆ ဦး ပါဝင်သည့် Youth Participation in Peace Process ကော်မတီ (ယာယီ)ကို ဖွဲ့စည်းထားပြီး ထိုအထဲမှ နှစ်ဦးကို ရွေးချယ်ထားခြင်း ဖြစ်သည်။

မတ်လ ၁၆ရက်တွင် ပြုလုပ်မည့် ရကြိမ်မြောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက် ရန် နှစ်ဖက် သဘောတူထားပြီး ဖြစ်သည့် အဖွဲ့များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ RCSS/SSA ၊ ဝပြည်သွေးစီးညီညွတ်ရေးပါတီ UWSP ၊ မိုင်းလားအဖွဲ့၊ ABSDF အဖွဲ့တို့မှ ကိုယ်စားလှယ် နှစ်ဦးစီ တက်ရောက်ရန် သဘောတူထားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်း ရကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် မတ်လ ၁၇ရက်မှ ၂၁ရက်အထိ ခြောက်ရက် ကြာ ဆွေးနွေးမည် ဖြစ်သည်။

ဆွေးနွေးပွဲ ပထမနေ့တွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ယခု ရကြိမ်မြောက် ဆွေးနွေးပွဲတွင် အပြီးသတ် ဆွေးနွေးနိုင်ရန် နှစ်ဖက်လုံးက ဆန္ဒရှိနေသည်။