ကျောင်းသားသပိတ်တွင် အဖမ်းခံရသူများ အားလုံးလွှတ်မှသာ စာမေးပွဲဖြေမည်ဟုဆို

ကျောင်းသားသပိတ်တွင် အဖမ်းခံရသူများ အားလုံးလွှတ်မှသာ စာမေးပွဲဖြေမည်ဟုဆို
by -
မဇ္ဈိမ

လက်ပံတန်း ကျောင်းသား သပိတ်အဓိကရုဏ်းတွင် ဖမ်းဆီးခံပြီး လွတ်မြောက်လာခြင်း မရှိသေးသူများ ပြန်လွတ်မှသာ စာမေးပွဲဖြေမည်ဟု  မတ်လ ၁၂ရက်က သာယာဝတီထောင်မှ လွတ်မြောက်လာသည့် ကျောင်းသူ၊ ကျောင်းသား ငါးဦးက မတ်လ ၁၆ရက်က ပြုလုပ်သည့် အတွေ့အကြံုရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပြန်လည်လွတ်မြောက်လာသည့်   မန္တလေး နည်းပညာ တက္ကသိုလ်မှ စက်မှု/လျှပ်စစ်ဘာသာရပ်အထူးပြု ဒုတိယနှစ် ကျောင်းသား ကိုကောင်းဇော်ဟိန်းက "အကြမ်းဖက်ဖြိုခွဲခံရတယ်ဆိုတာကို ပြောစရာမလိုတော့ဘူး။ အားလုံးသိပြီးနေကြပါပြီ။

Mandalay-Student-Strike-2

"ကျွန်တော်တို့ဟာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ တရားခံတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြင်မှာ ရောက် လာပေမယ့် အတွင်းမှာ ရဲဘော်တွေအများကြီးကျန်နေသေးတယ်။ သူတို့တွေလွတ်မြောက်ဖို့လည်း လုပ်သွားမယ်။ ကျွန်တော်တို့ရဲဘော်တွေ မလွတ်မချင်း စာမေးပွဲမဖြေပါဘူး။ အခု အပြင်ရောက်လာတဲ့ သူတွေအားလုံးက မဖြေဖို့ ဆုံးဖြတ်ထားတယ်" ဟု ပြောသည်။

ထိုရှင်းလင်းပွဲကို မွန်းလွဲ ၁နာရီတွင် ရ၅လမ်း၊ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ 88 Café တွင် ပြုလုပ်ခဲ့သည်။

ရတနာပုံတက္ကသိုလ် အင်္ဂလိပ်ဘာသာရပ်အထူးပြု စတုတ္ထနှစ်ကျောင်းသူ မခိုင်သဇင်အောင်က "သမီးတို့ကို ဖမ်းပြီးခေါ်လာတဲ့ ရဲတပ်ဖွဲ့က ရဲမေတွေကတော့ ညစ်ညမ်းတာတွေနဲ့ ဆဲတာတွေ လုပ်တယ်။ ရိုက်တာတွေ လုပ်တယ်။

"အဲဒီလိုလုပ်ခဲ့တာတွေကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ကို ကျန်နေသေးတဲ့ ကျောင်းသူ ကျောင်းသားတွေ လွတ်လာတာနဲ့ အားလုံးတိုင်ပင်ပြီး လုပ်ဆောင်သွားမယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြည်တွင်းအဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ဆောင်ရွက်သွားမယ်" ဟု ပြောသည်။

အကြမ်းဖက်ဖြိုခွဲရာတွင် ပါဝင်သော ရဲများက ပြန်ကြားရေးကားကို ဖျက်ဆီးသည့်အပြင် ကားပေါ်တွင် တင်ဆောင်ထားသော ပစ္စည်းများ၊ လက်တော့များ၊ ဖုန်းများနှင့် ပြည်သူလူထုက လှူဒါန်းထားသော အလှူငွေ ကျပ် ၁၅ သိန်းကျော်ကို  သိမ်းယူထားရာ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ကိုကောင်းဇော်ဟိန်းက ပြောသည်။

အဆိုပါ မတ်လ ၁ဝရက် အဓိကရုဏ်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူ ၁၂၇ဦး ဖမ်းဆီးခံရပြီး မတ်လ ၁၁ရက်တွင် သံဃာ ၁ဝပါးကိုလည်းကောင်း၊ မတ်လ ၁၂ရက်တွင် ကျောင်းသူ၊ ကျောင်းသား ၁၅ဦးကို လည်းကောင်း၊ မတ်လ ၁၃ ရက်တွင် သတင်းထောက်နှစ်ဦးနှင့် ကျောင်းသူကျောင်းသား ကိုးဦးကို လည်းကောင်း၊ မတ်လ ၁၄ရက်တွင် ကျောင်းသား တစ်ဦးကို လည်းကောင်း ပြန်လွှတ်ပေးခဲ့သည်။

Most read this week