ရေကာတာစီမံကိန်းများကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ဟု KRW ပြောဆို

ရေကာတာစီမံကိန်းများကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ဟု KRW ပြောဆို
by -
ကေအိုင်စီ

တိုင်းရင်သားဒေသ ပဋိပက္ခဖြစ်ပွားရာ နေရာများတွင် အကောင်အထည်ဖော်မည့် ရေကာတာစီမံကိန်း များကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်သည်ဟု ကရင်မြစ်ချောင်းများကွန်ရက် (KRW) မှ စောသာဘိုးက မတ် ၁၄ ရက်နေ့တွင် ကေအိုင်စီသို ့ပြောဆိုသည်။

၎င်းက “ အခု ကရင်ပြည်နယ် ဟက်ကြီး ရေကာတာစီမံကိန်း တည်ရှိရာဒေသ အနီးတစ်ဝိုက်ကို ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရစစ်တပ်က စစ်စခန်းတွေတိုးချဲ့ ချထားလာတယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေတယ်လို့ ပြောပြီး တစ်ဖက်မှာ ဒေသခံတွေအတွက် အကျိုးမရှိတဲ့ ရေကာတာ တည်ဆောက်ဖို့ အခုလို စစ်အင်အား တိုးချဲ့တာက နှစ်ဖက် ယုံကြည်မှုတွေ ပျက်စီးပြီး ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်ပါတယ် ” ဟုပြောသည်။

14-3-20151

မတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုုင်ရာမြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဟတ်ကြီး ရေကာတာ တည်ဆောက်မည့် နေရာ ၌ ဒေသခံများနှင့် ကရင်မြစ်ချောင်းကွန်ရက်တို့  စီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ လူအင်အား ၂၀၀ ကျော်တက်ရောက်ခဲ့သည်။

အခမ်းအနားတက်ရောက်လာသူ ဒေသခံတစ်ဦးဖြစ်သည့် စောသန်းရီက “သံလွင်မြစ်ဟာ ဒေသခံအ တွက်တော့ အသက်သွေးကြောပါပဲ။ ရေကာတာဆောက်ဖြစ်ရင် ကျနော်တို့ကို သတ်လိုက်တာနဲ့ အတူတူပဲ။ အခြား နေရာတွေမှာလည်း လုပ်ကိုင်စားသောက်လို့ မတတ်ကြဘူး။ ဒေသခံတွေက တောတောင်တွေမှာပဲ လုပ်ကိုင် စားသောက်တက်ကြတာ တခြားနေရာတွေမှာ မလုပ်စားတက်ဘူး။ အသက်ရှင်နေသ၍ ရေကာတာ တည်ဆောက်ရေးကို ဆန့်ကျင်သွားမယ် ” ဟု ကေအိုင်စီသို ့ပြောသည်။

14-3-20152

ဟတ်ကြီး ရေကာတာစီမံကိန်းသည်  ပြည်သူများနှင့်ကရင်လက်နက်ကိုင်အဖွဲ့များအတွက် အကျိုးမရှိ သဖြင့် ပြည်သူလူထုဆန္ဒသဘောအတိုင်း ရေကာတာမဖြစ်မြောက်စေရန် ကာကွယ်သွားမည်ဟု ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်တော် (DKBA) ကလိုထူးလားအဖွဲ့မှ တောင်ကြားစခန်း တပ်ရင်းမှူး စောသိန်းဝင်း က ကေအိုင်စီသို ့ ပြောသည်။

လက်ရှိ ရေကာတာများတည်ဆောင်မည့်နေရာများကို ထိန်းချုပ်ရန် အစိုးရစစ်တပ်များ တိုးချဲ့ ချထားခြင်း၊ ဒေသခံလူထု သဘောထားရယူကာ လိုအပ်သည့် သတင်းအချက်အလက်များ ချပြမှုမရှိခြင်း၊ စီမံကိန်းကြောင့် ဒေသခံများ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်စားသောက်နေသည့် မြေယာများ ဆုံးရှုံးပြီး လျော်ကြေးမရရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း ဖြစ်ပေါ်နိုင်သည်ဟု KRW က ဆိုသည်။

အလားတူ ရရှိလာမည့် အကျိုးအမြတ်များကို ဒေသခံများ မခံစားရသလို လျှပ်စစ်စွမ်းအားအများစု သည်လည်း ပြည်ပ နိုင်ငံများအတွက်သာ ဖြစ်သည့်အတွက် စီမံကိန်းကို အလိုမရှိဟု ကရင်မြစ်ချောင်း များကွန်ရက်က  မတ် ၁၄ရက်က ထုတ်ပြန်သည့် ကြေငြာချက်တွင်ဖော်ပြထားသည်။

သံလွင်မြစ်ပေါ်မှ စီမံကိန်းများတွင် တမံအဆင့်ဆင့်ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာပြီး လုပ်ဆောင်ရန်စီစဉ်ထားသလို ဘေးအန္တရယ်ကင်းရေး အစီအမံများဆောင်ရွက်ထားမှုကို ပြီးသည့် အခြေအနေ အလိုက် ပြည်သူများသို့ အလျင်သင့်သလို အသိပေးသွားရန် ရှိသည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန၊ ဒုဝန်ကြီး ဦးမော်သာထွေးက မတ် ၁၂ရက်နေ ့ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

အစိုးရက သံလွင်မြစ်ပေါ်တွင် ကွမ်းလုံ၊ နောင်ဖာ၊ မန်တောင်၊ တာဆန်း (သို့) မိုင်းတုံ၊ ရွာသစ်နှင့် ဟတ်ကြီး ရေကာတာများတည်ဆောက်ရန် ထိုင်းနှင့် တရုတ်ကုမ္ပဏီများအပြင် International Group of Entrepreneurs Co. Ltd, Shwe Taung, Asia World စသည့် မြန်မာကုမ္ပဏီများလည်း စီမံကိန်းတွင်ပါဝင် မည်ဖြစ်သည်ဟု   စီမံကိန်းများကို စောင့်ကြည့် နေသည့် လူမှုအဖွဲ့ အစည်းများထံမှသိရသည်။

Most read this week