တရုတ်ဘက်ခြမ်းတွင် ခိုလှုံနေသည့် ကချင်ဒုက္ခသည်များကို ၁၅ရက်နေ့ နောက်ဆုံးထားကာ တရုတ်အစိုးရပြောင်းရွှေ့ခိုင်း

တရုတ်ဘက်ခြမ်းတွင် ခိုလှုံနေသည့် ကချင်ဒုက္ခသည်များကို ၁၅ရက်နေ့ နောက်ဆုံးထားကာ တရုတ်အစိုးရပြောင်းရွှေ့ခိုင်း
by -
မဇ္ဈိမ

တရုတ်နိုင်ငံ နယ်စပ် နောင်တောင်းတွင် ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ်အစိုးရက မတ်လ ၁၅ရက် နောက်ဆုံးထားပြောင်းရွှေ့ရန် ပြောဆိုခဲ့သဖြင့် စစ်ပြေးဒုက္ခသည်များ ရွှေ့ပြောင်းသွားကြပြီ ဖြစ်ကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီက ပြောသည်။

လက်ရှိ မြန်မာအစိုးရ စစ်တပ်နှင့် KIO တပ်တို့အကြား စစ်ပွဲ မဖြစ်တော့သဖြင့် မိမိနေရပ်သို့ ပြန်ရန် တရုတ်အစိုးရဘက်မှ ပြောဆိုခဲ့သဖြင့် စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၅၀ခန့်သည် မတ်လ ၁၃ရက်တွင် ဘွမ်စစ်ပါနှင့် မန်ဝိုင်းကြီး ဒုက္ခသည်စခန်းများသို့ ရွှေ့ပြောင်းသွားပြီ ဖြစ်ကြောင်း KIO စစ်ပြေး ဒုက္ခသည်များ ကူညီရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

“ပြောင်းသွားပြီ။ ၁၃ရက်နေ့ တချို့က မန်ဝိုင်းကြီးဘက် အများအားဖြင့် ကျွန်တော်တို့ ဘွမ်စစ်ပါဘက် ကို ပြောင်းသွားပြီ။ သက်ဆိုင်ရာ တရုတ်အစိုးရက ပြောတယ်တဲ့ အခုက တိုက်ပွဲမဖြစ်တော့ ဘူး။ သေနတ်သံတွေ မကြားတော့ဘူး။ ကိုယ့် နေရပ်ကို ပြန်ကြဖို့ ပြောတယ်။ ဒုက္ခသည် အိမ်ထောင်စု ၅၀ လောက်ရှိမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်အချို့သည် ဗန်းမောင်ခရိုင် မိုးမောက်မြို့နယ် မန်းဝိုင်းကြီး ကက်သလစ်အသင်းတော် ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ အိမ်ထောင်စု ၂၄စု ရောက်ရှိလာပြီ ဖြစ်သော်လည်း တချို့ စစ်ပြေးဒုက္ခသည်များ သည် လမ်းခရီးတွင် ရောက်ရှိနေသေးကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော ဗန်းမော်မြို့ရှိ ဂရုဏာအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြောင်းရွှေ့လာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဦးရေစုံစမ်းနေတုန်းပါ။ မန်းဝိုင်းကြီးကက်သလစ်ဝင်းထဲ အိမ်ထောင်စု ၂၄စု ရောက်လာတယ်။ တချို့က ဒီဘက်ကို မရောက်သေးဘဲ ဘယ်သွားရမှန်းမသိလို့ လမ်းခရီးမှာပဲ ရှိနေသေးတယ်။ အရင်က အဲဒီစခန်းမှာ အိမ်ထောင်စု ရ၀ လောက်ရှိတယ်”ဟု သူက ပြောသည်။

အဆိုပါ စစ်ပြေး ဒုက္ခသည်များသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ၂၀၁၁ခုနှစ်မှစတင်၍ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ပြီး ခခရန်၊ ကိုင်ထိပ်၊ မုန်းဒိန်ပါ၊ လခွမ်းဘွမ်၊ ကျောက်ဖျာ စသည့်ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ စစ်ပြေး ဒုက္ခသည်များဖြစ်သည်ဟု သိရသည်။

လက်ရှိ KIO နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည်ကို ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ အပါအဝင် စားသောက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေရာမှ အချို့ ဒုက္ခသည်စခန်းများကို ကုလားပဲများ ထောက်ပ့ံပေးရန် လိုအပ်နေသည်ဟု ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

“အခုအချိန်က ဆန်ကတော့ ပုံမှန်ပေးနေတယ်။ တချို့ဒုက္ခသည်စခန်းတွေမှာတော့ ကုလားပဲလိုမျိုးတွေ မပေးနိုင်ဘူး။ လိုအပ်ချက်တွေရှိတယ်။ ကုလားပဲက သူတို့လည်း အလှူရှင်တွေကနေ အလှူငွေတွေ လျော့နည်း လာတော့ ပိုအရေးကြီးတဲ့ ဆန်ကိုပဲ ထောက်ပ့ံနေတဲ့ သဘောရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်၊ မန်စီမြို့နယ်၊ ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်စသည့် မြို့နယ်များအတွင်းရှိ စစ်ပြေးဒုက္ခသည်ပေါင်း ၁၅၀,၀၀၀ခန့် ရှိနေပြီ ဖြစ်ပြီး KIO ထိန်းချုပ်နယ်မြေတွင် စစ်ပြေး ဒုက္ခသည်ပေါင်း ၈၀,၀၀၀ကျော် ရှိနေသည်ဟု ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း KIO နှင့် အစိုးရတို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိဆဲ ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အို အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ရ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရန်ကုန်မြို့တွင် မတ်လ ၁၇ရက်တွင် ဆွေးနွေးမည်ဖြစ်ပြီး KIO ခေါင်းဆောင် များနှင့် သမ္မတ ဦးသိန်းစိန်၊ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့နှင့် နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။