ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မတ်လ ၁၆ရက်က နေပြည်တော်တွင် သီးခြားစီတွေ့ဆုံခဲ့ပြီး KIA အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင် လုပ်သွားမည်ဟု KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မီဒီယာများကို ပြောကြားခဲ့သည်။
"အခုလို ဆွေးနွေးပွဲတွေမှာ ပြည်သူလူထု တစ်ရပ်လုံးက အကောင်းမြင် သဘောမျိုးနဲ့ ကြည့်ရှုပြီးတော့ ကြားက နေပြီး ပြောနေတဲ့ အသံတွေကို အဓိက နားမထောင်ဘဲ သွားနေတဲ့ Process (ဖြစ်စဉ်) အပေါ်မှာ ထောက်ခံကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့ အောင်မြင်အောင် လုပ်သွားမှာ ဖြစ်တယ်လို့ အားလုံးကို သတင်းကောင်းပေးလိုပါတယ်"ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။
ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာ၌ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပြင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ကိစ္စများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးမှုသည် နောင်တစ်ချိန် တိုက်ပွဲများအတွက် ပြင်ဆင်ခြင်းမျိုး မဖြစ်စေလိုဘဲ နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြံုရေး ကိစ္စရပ်များတွင် လက်တွေ့ကျကျ အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောခဲ့သည်ဟုလည်း ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
KIA က မတ်လ ၁၆ရက် နံနက်ပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ လယ်တောအိမ်ရာ၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သည်။
သမ္မတနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း မတ်လ ၁၆ရက် ညနေ ၄နာရီခွဲခန့်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း တို့ပါ၀င်ပြီး KIO ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ၊ ဦးဆွမ်လွတ်ဂန်နှင့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ပါ၀င်သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIA တို့အကြား နေပြည်တော်တွင် မတ်လ ၁၅ရက်က တွေ့ဆုံခဲ့သေးသည်။
အပစ်ရပ်လက်မှတ်ရေးထိုးရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ခုနှစ်ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် မတ်လ ၁၇ရက်တွင် စတင်ဆွေးနွေးမည် ဖြစ်သည်။
၂၀၁၁ ခုနှစ်၊ မတ်လ တွင် ဦးသိန်းစိန် အစိုးရအဖွဲ့ တာဝန်ယူပြီးနောက် ၂၀၁၁ခုနှစ်၊ ဇွန်တွင် ကချင်၌ စစ်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်။