ကျောင်းသားသပိတ် ဖြိုခွဲမှုအတွက် မန္တလေးဆန္ဒပြပွဲ ဆယ်တန်းစာမေးပွဲအပြီးသို့ ပြောင်းရွှေ့

ကျောင်းသားသပိတ် ဖြိုခွဲမှုအတွက် မန္တလေးဆန္ဒပြပွဲ ဆယ်တန်းစာမေးပွဲအပြီးသို့ ပြောင်းရွှေ့
by -
မဇ္ဈိမ

လက်ပံတန်း ပင်မ ကျောင်းသား သပိတ်အား အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းကို မန္တလေးမြို့ရှိ အရပ်ဖက် အဖွဲ့အစည်းများ၊ မြို့ခံများနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသူကျောင်းသားများက မတ်လ ၁၆ရက်တွင် အင်အား ၁၀၀၀ခန့်ဖြင့် ဆန္ဒပြရန် စီစဉ်ထားသော်လည်း မြို့မိ မြို့ဖများနှင့် သံဃာတော်များ၏ မေတ္တာရပ်ခံ မှုကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အပြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုတိုးကြီးက မဇ္စျိမကို ပြောသည်။

သို့ဖြစ်၍ အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၂၁ ရက်မှသာ ပြုလုပ်တော့မည် ဖြစ်သည်။

ကိုတိုးကြီးက "ဒီနေ့(မတ် ၁၆ရက်)က ၁၀ တန်းစာမေးပွဲတွေရှိနေတယ်။ မြို့မိမြို့ဖတွေ ဆရာတော်တွေက မသင့်တော်ဘူးလို့ မေတ္တာရပ်ခံလို့ ဆန္ဒပြမယ့်ရက်ကို နောက်ဆုတ်လိုက်တာပါ"ဟု ပြောသည်။

အဆိုပါ ဆန္ဒပြမှုကို နံနက် ၉နာရီမှစတင်၍  မြတောင်ကျောင်းတိုက်မှ ထွက်ခွာမည်ဖြစ်ကာ ချမ်းအေးသာ စံ၊ အောင်မြေသာစံ၊ မဟာအောင်မြေမြို့နယ်များကို ဖြတ်သန်း၍ မြို့ပတ်ကာ ဆန္ဒပြသွားမည်ဖြစ်သည်။

ဆန္ဒပြရန်အတွက် သုံးမြို့နယ်ရှိ ရဲတပ်ဖွဲ့များကလည်း ခွင့်ပြုထားပြီးဖြစ်သည်ဟုလည်း ဦးတိုးကြီးက ဆိုသည်။

ဆန္ဒပြပွဲတွင်  လက်ပံတန်းအရေး ဦးသိန်းစိန် အစိုးရ ဖြေရှင်းပေး၊ ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ၀န်းရံ၍ ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေး၊ အကြမ်းဖက်ဖြိုခွဲမှုတွင် ပါ၀င်ပတ်သက်သူများ အမြန်ဆုံးဖေါ်ထုတ်ပေး စသည့်တို့ဖြင့် ကြွေးကြော်သွားမည်ဖြစ်သည်။

လက်ပံတန်းရှိ ပင်မ ကျောင်းသားသပိတ်ကို ပြီးခဲ့သည့် မတ်လ ၁၀ရက်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လက်ရှိ အချိန်ထိ ကျောင်းသား အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။