မန်းရှိ တက္ကသိုလ်နှင့် ကောလိပ် ကျောင်းသူ၊ ကျောင်းသားများက ဆက်တိုက် ကမ်ပိန်းများ ပြုလုပ်မည်ဟု ဆို

မန်းရှိ တက္ကသိုလ်နှင့် ကောလိပ် ကျောင်းသူ၊ ကျောင်းသားများက ဆက်တိုက် ကမ်ပိန်းများ ပြုလုပ်မည်ဟု ဆို
by -
မဇ္ဈိမ

မန္တလေးမြို့ရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသူ၊ ကျောင်းသားများက လက်ပံတန်းတွင် သပိတ်မှောက် ကျောင်းသားများ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မတ်လ ၁၆ရက်မှ စတင်၍ "ကျောင်းသားတွေ နိုင်တယ်" "We Support Myanmar Students" ဟု စာတမ်းပါ ပိုစတာများ ကိုင်ဆောင်ကာ လှုပ်ရှားမှု (ကမ်ပိန်း) များ ဆက်တိုက်လုပ်သွားမည်ဟု ကျောင်းသူ၊ ကျောင်းသား အချို့က မဇ္ဈိမကို ပြောသည်။

ရတနာပုံတက္ကသိုလ်မှ ကိုကျော်စွာငြိမ်းက "ကျွန်တော်တို့အနေနဲ့ ကျောင်းသားတွေနိုင်တယ်ဆိုတဲ့ ပိုစတာတွေကိုင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ လုပ်သွားမယ်။ လူအများကြီးနဲ့လုပ်မှာ မဟုတ်ပါဘူး။ နေရာ စုံဖြန့်ပြီး လုပ်သွားမယ်။ ကြာချိန်ကလည်း အခြေအနေပေါ်မူတည်ပြီး ဖြစ်သွားမယ်။ ငါးယောက်အုပ်စု၊ ဆယ်ယောက်အုပ်စုနဲ့ လုပ်သွားမယ်" ဟု ပြောသည်။

Mandalay-Student-Strike

ထိုလှုပ်ရှားမှုတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် မည်ဟု ကျောင်းသားအချို့ထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သူ ကိုလင်းလင်းထွန်းက "ကျောင်းသားဆိုတာ ခေတ်အဆက်ဆက် မရှုံးခဲ့ဘူး။ အခုလည်း သမိုင်းသစ်တစ်ခု ရေးလိုက်ပြီ။ အာဏာမရှိ လက်နက်မရှိတဲ့ ကျောင်းသားတွေ လူတွေ သေပြီး သွေးမြေခချင်ခမယ်။ သမိုင်းရိုင်းအောင်လုပ်နေတဲ့ ဒီနေ့အစိုးရ အမှန်ကိုဝန်ခံဖို့ အချိန်တန်ပြီ။ သူတို့တွေ လုပ်ရပ်ကို ပြည်သူတွေသိအောင် အခုလိုကမ်ပိန်းတွေ လုပ်တာပါ"ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ဆက်တိုက်ပြုလုပ်မည့်အပြင် ဆန္ဒဖော်ထုတ်မှုများလည်း ဆက်တိုက်ပြုလုပ်သွားမည်ဟု အဆိုပါလှုပ်ရှားမှုတွင် ပါဝင်မည့်သူများက ဆိုသည်။