SSPP/SSA ဌာနချုပ် အနီး အစိုးရ တိုက်လေယာဉ်များ ပျံဝဲ

SSPP/SSA ဌာနချုပ် အနီး အစိုးရ တိုက်လေယာဉ်များ ပျံဝဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) ဝမ့်ဟိုင်းဌာနချုပ်၏ အနောက်ဘက်ခြမ်းတွင် မတ်လ ၁၁ရက်နေ့မှစ၍ မတ်လ ၁၅ရက်နေ့အထိ မွန်းလွဲပိုင်း မြူမှိုင်းအုံ့ဆိုင်းနေချိန် အစိုးရတပ်မတော် တိုက်လေယာဉ်များ ပျံဝဲလှည့်ပတ်နေသည်ဟု SSPP/SSA ရှေ့တန်းတပ်မှူးတစ်ဦးက ပြောသည်။

“တစ်နေ့ သုံးလေးခေါက်လာဝဲတယ်။ မွန်းလွဲ ၂ နာရီ ၃ နာရီ ကျော်ကျော်အကြားမှာလာတယ်။ မြူတွေ ဆိုင်းနေ တယ်ဆိုတော့ လေယာဉ်က မမြင်ရဘူး။ သျှမ်းပြည်တောင်ပိုင်း နမ့်စန် ကနေလာတာလည်း ဖြစ်နိုင်တယ်။ သူတို့က ကိုးကန့်တိုက်ပွဲမှာ တိုက်ပွဲဝင်လာတဲ့ လေယာဉ်တွေလည်းဖြစ်နိုင်တယ်” ဟု အမည်မဖေါ်လိုသည့် တပ်မှူးတစ်ဦးက ပြောသည်။

Myanmar jet fighter

ထို့အတူ ကျေးသီးမြို့နယ် ဒေသခံ စိုင်းလုံကလည်း “ကျနော်တို့ဘက်က လေယာဉ်သိပ်မဖြတ်တတ် ဘူး။ လေယာဉ်ပျံသံကြားတာနဲ့ ထွက်ကြည့်ကြတယ်၊ အထူးအဆန်းပေါ့။ တစ်နေ့သုံးလေးခေါက်ကို လာတာ သုံးလေးရက်ရှိပြီ။ လေယာဉ်လို့ဘဲသိရတယ်။ ဘာလေယာဉ်ဆိုတော့ ကျနော်တို့မသိဘူး” ဟုပြောသည်။

လားရှိုးမြို့နေ မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ စောင့်ကြည့်လေ့လာသူ တစ်ဦးက “လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်ထောင်စုနေ့က ထိုးဖို့ ကျန်နေတဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့  အဲဒီတပ်ကို ဖိအားပေးချင်တာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုးကန့်တိုက်ပွဲအပြန် ဟိုဘက်ဖြတ်သွားတာလဲဖြစ်နိုင်တယ်” ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဥက္ကဌ လည်းဖြစ်သည့် ဦးအောင်မင်းကလည်း SSPP/SSA ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မည့် အစီအစဉ် လုံးဝမရှိကြောင်း၊ တိုက်လည်း တိုက်မည်မဟုတ်ကြောင်း သျှမ်းခေါင်းဆောင်များအား ပြောခဲ့ဖူးသည်။

ကိုးကန့် ဒေသတိုက်ပွဲပြီးလျှင်  ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့်နေ့ သို့မဟုတ် မတ်လ ၂၇ တော်လှန်ရေးနေ့ မတိုင်မီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မည် ဆိုသည့် သတင်းကလည်း သျှမ်းပြည်တပ်မတော်အတွင်း ပျံ့နှံ့နေသည်။

သျှမ်းပြည်တပ်တော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူမှု လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

Most read this week