သျှမ်းပြည်အတွင်း တည်ဆောက်မည့် ရေကာတာအားလုံးကို ကန့်ကွက်ကြောင်း မတ်လ ၁၃ရက်နေ့ နံနက်ပိုင်း၌ တောင်ကြီးမြို့ Classic ခန်းမတွင် သျှမ်းပြည်နယ် မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုကွန်ယက်မှ ဦးဆောင်ကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ပြောကြားလိုက်သည်။
မတ်် ၁၄ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာမြစ်ချောင်းများအတွက် ရေကာတာဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် ပြုလုပ်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သျှမ်းပြည်မြစ်ချောင်းများ ဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က “ဒေသခံတွေကလျှပ်စစ်မီးလည်းမရဘူး၊ တကယ်တမ်း ထိခိုက်မှုဖြစ်ရင် မြန်မာပြည်သူ၊ ပြည်သားပဲ နစ်နာမယ်၊ နောက်ပြီး ထိုင်းနဲ့တရုတ် နိုင်ငံတွေကို ပိုအားပေးသလို၊ ပိုတိုးတက်အောင်၊ ပိုပြီးအင်အားကြီးမားလာအောင် ဖြစ်လာစေမယ်။ ထွက်ရှိလာတဲ့ လျှပ်စစ်မီးတွေက သူတို့ကိုပဲ ရောင်းပေးမှာကိုး” ဟု ပြောသည်။
ပြည်ထောင်စုတဝှမ်းလုံးတွင် တည်ဆောက်မည့် ရေကာတာ ၈၀ကျော်အနက် သျှမ်းပြည်အတွင်း ထက်ဝက်ကျော် တည်ဆောက်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ရေကာတာတည်ဆောက်ခြင်းကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်း အခက်အခဲများ နှင့် မြေယာပြဿနာများ၊ အဓမ္မရွှေ့ပြောင်းမှုများ၊ အခြားမလိုလားအပ်သည့် ပြဿနာများ ဒေသတွင်းကောင်းကျိုးထက် ဆိုးကျိုးများပိုမည် ဟုလည်းသူကပြောဆိုသည်။
ရှမ်းပြည်နယ်တွင်း တည်ဆောက်မည့် ရေကာတာ များထဲတွင် တစ်ခုပါဝင်သော ပေါင်းလောင်း ရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ ဒေသခံ ဦးညိုဝင်းက “ပေါင်းလောင်းရေကာတာ တည်ဆောက်ခဲ့တုန်းက ကျနော်တို့ကို ကြိုအသိမပေးဘူး၊ အာဏာပိုင်တွေက လုပ်ချင်ရာလုပ်သွားတယ်၊ ရွာပေါင်း(၂၃)ရွာလောက်က ဘာမှ လုပ်ကိုင်စားသောက်လို့ မရဘူး။ သူတို့နေရာချပေးတဲ့နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။ လူပေါင်းသောင်းကျော်လောက် ဒုက္ခရောက်ခဲ့ကြတယ် ” ဟု ပြောသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် သျှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းမှ ဒေသခံများ၊ တတ်သိပညာရှင်များ၊ မြစ်ချောင်းအရေးလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များအားလုံးက တည်ဆောက်မည့်ရေကာတာများ အားလုံးကို စုပေါင်းကန့်ကွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာသည်။