လတ်တလော မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့အား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထည့်သွင်းမည် မဟုတ်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောသည်။
ဦးအောင်မင်းက "ကိုးကန့်ရဲ့့ရပ်တည်ချက်က တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်၊ မတူတော့ အခုကျနော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၁၆ဖွဲ့နဲ့ဖိတ်ထားတယ် အဲ့ဒီ ၁၆ ဖွဲ့အပြင် နောက်ထပ်ထပ်ဖိတ်လို့ တစ်ကပြန်စရင် ကျနော်လည်း ပြီးမှာမဟုတ်ဘူး အဲ့တော့ကိုးကန့်ကိုကျွန်တော်မထည့်ဘူး’’ ဟု မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
မတ်လ ၁၅ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်စင်တာ(၂)တွင် ကျင်းပသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIA/KIO)တို့ ၂ နာရီကြာ တွေ့ဆုံမှုအပြီးတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်မင်းက "အကယ်၍ ကိုးကန့်အနေနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာမယ်ဆို ရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါနိုင်တာပေါ့’’ ဟု ဖြည့်စွက်ပြောသည်။
၎င်းက ၂၀၁၂ခုနှစ်က ဦးဖုန်ကြားရှင်နှင့် ဦးဖုန်ကြားဖူးတို့က နိုင်ငံရေးပြန်လုပ်ချင်သည့် အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ နိုင်ငံရေးလမ်းကြောင်းပေါ်တက်၍ရသည်ကို မတက်လာဘဲ လက်နက်ပြန်ကိုင်ခြင်းသည် ၎င်းတို့၏ ဆုံးဖြတ်ချက်သာဖြစ်သည်ဟု ဆိုသည်။
ဦးအောင်မင်းက "အဲ့တော့ သူနိုင်ငံရေးလမ်းကြောင်းပေါ်တက်လာရင် ကိုးကန့်ဒေသကိုယူရင် သူပဲရ မှာပေါ့ဗျာ ပြည်သူထောက်ခံရင် ဘယ်သူမဆိုရမှာ ကျနော်တို ့က နိုင်ငံရေးလမ်းကြောင်းပေါ် တက်စေချင်တယ်’’ ဟု ပြောသည်။
"တကယ်တော့ အရာရာအားလုံးဟာ နိုင်ငံရေးနဲ့ပဲ ဆုံးဖြတ်ရမှာပဲ နိုင်ငံရေးလမ်းကြောင်းပေါ်အကုန်တက် လာကြပါ သူ့ရဲ ့လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းတွေနဲ့ပဲ လုပ်ကြပါလို ့ပြောချင်ပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။
KIA ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က "လောက်ကိုင်ကိစ္စကတော့ ကျွန်တော်တို့ KIA နဲ့ တိုက်ရိုက်တော့ မပတ်သက်ပါဘူး၊ ဒါပေမယ့် လောက်ကိုင်ရှိနေတဲ့ ကိုကန့်အဖွဲ့ကတော့ NCCT ရဲ့ မန်ဘာဝင် ဖြစ်ပါ တယ်၊ နိုင်ငံရေးအရ လက်တွဲခေါ်အပ်ဖို့ ယုံကြည်ပါတယ်၊ စစ်ရေးမှာ လောက်ကိုင်ဒေသတွေမှာ ပါ၀င်မှုမရှိပါဘူး’’ ဟု ပြောသည်။