ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်( DKBA) တို့အကြား မတ်လ ၁၂ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေးတင်းမာနေသည်ဟု DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္စျိမကိုပြောသည်။
“ဒီနေ့ တိုက်ပွဲတော့ မဖြစ်ဘူး။ လက်ရှိတော့ သူတို့ရဲ့ ထိုးစစ်ကို ကျွန်တော်တို့က ကျင်းတူးပြီးစောင့်နေတဲ့ အနေအထား ရှိတယ်။ စစ်ရေးက တင်းမာနေတယ်။ အပြန်အလှန်ချောင်းနေတဲ့ အနေအထားမှာ ရှိနေတယ်။ သူတို့က တချို့နေရာမှာ အင်အားက ၃၀ကျော်၊ ၂၀ကျော် တပ်တွေ ဖြန့်ထားတယ်။ သူတို့က ကော့ကရိတ်မြို့ရဲ့ တစ်မိုင်ကျော်ကျော် လာရင်တော့ဖြစ်မယ့် အလားအလာရှိတယ်” ဟု သူက မဇ္စျိမ ကိုပြောသည်။
အစိုးရ စစ်တပ်ဘက်ကလည်း ကော့ကရိတ်မြို့သို့ အဝင်အထွက် လှုပ်ရှားမှုများ ရှိနေသဖြင့် DKBA ဘက်မှလည်း အသင့်အနေအထား စောင့်ဆိုင်းနေရသည်ဟုလည်း သူကပြောသည်။
“လက်ရှိ အခြေအနေက မကောင်းဘူး။ တကယ်တမ်း ငြိမ်းချမ်းရေးဆောင်ရွက်မယ်ဆိုရင် တပ်အင်အားတွေ ကျွန်တော်တို့ လက်ရှိ ရှိတဲ့ကျေးရွာတွေမှာ ထိုးစစ်ပုံစံမျိုး လုပ်စရာမလိုဘူး။ အခုက တပ်တွေကို ခွဲပြီးတောင်ဘက်၊ မြောက်ဘက် စစ်ကြောင်းထိုးတဲ့ အနေအထား ရှိတယ်။ ဒီမနက်လည်း ဝင်လိုက် ထွက်လိုက်နဲ့ လုပ်နေတာ”ဟု သူကပြောသည်။
မတ်လ ၁၁ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)နှင့် အစိုးရ၏ ခလရ ခြေလျင်တပ်ရင်း ၅၄၉ တို့ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
DKBA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားပြီး လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) တွင် ပါဝင်၍ ဆွေးနွေးနေသည်။