ကျောင်းသားသပိတ်အား အင်အားသုံး ဖြိုခွင်းခြင်းအပေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ သဘောထားထုတ်ပြန်

ကျောင်းသားသပိတ်အား အင်အားသုံး ဖြိုခွင်းခြင်းအပေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ သဘောထားထုတ်ပြန်
by -
မဇ္ဈိမ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဆန္ဒပြကျောင်သားများအပေါ် ဖြိုခွင်းမှုကို မလုပ်သင့်ကြောင်း၊ ဆန္ဒပြသူများအား လွန်ကဲစွာအင်အားသုံးခြင်းကို စုံစမ်းရေး အရာရှိများအနေဖြင့် တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ် ၁၁ရက်က ပြောသည်။

မတ် ၁၀ရက်က ပဲခူးတိုင်း လက်ပံတန်းမြို့အနီးတွင် ဆန္ဒပြကျောင်းသား ၂၀၀ခန့်ကို ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ရန်ကုန်သို့ချီတက်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည့် ရဲအရံအတားကို ဆန္ဒပြကျောင်းသားများက ကျော်လွှားရာ ရဲနှင့် ကျောင်းသားများကြား ထိပ်တိုက်တွေ့မှု ပေါ်ပေါက်ကြောင်း ပြည်တွင်း၊ ပြည်ပမီဒီယာသတင်းများက ဖော်ပြခဲ့သည်။ ကျောင်းသား များစွာ၊ ဘုန်းကြီးများနှင့် ကျောင်းသားများအား ထောက်ခံ အားပေးသူ ဒေသခံများကို ရဲက ဖမ်းဆီးခဲ့သည်။

Student-Strike-Lapantan-04

“ကျောင်းသားများကို ရဲနဲ့ အရပ်ဝတ်လူရမ်းကားများက ရိုင်းစိုင်းစွာရိုက်နှက်ခြင်းဟာ စစ်အုပ်ချုပ်ရေးခေတ်က ကျုးလွန်တဲ့ လမ်းမများပေါ်က အကြမ်းဖက်မှုတွေဆီ နောက်ကြောင်းပြန်တဲ့ အကျည်းတန်ဖြစ်ရပ်ပါ”ဟု လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အာရှဥက္ကဋ္ဌဖြစ်သူ ဘရတ်အဒမ်က ပြောသည်။

“အစိုးရက အာဏာအလွဲသုံး ရဲတွေကို ထိန်းချုပ်ကိုင်တွယ်သင့်ပြီ၊ အရပ်ဝတ်လူရမ်းကားတွေကို ဖျက်သိမ်းသင့်ပြီ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများအတွက် အာမခံသင့်ပါပြီ” ဟု ၎င်းက ပြောသည်။

ဆန္ဒပြကျောင်းသားများအပေါ် ရဲက ဖြိုခွင်းသည့် ဖြစ်စဉ်မှာ အရပ်ဝတ်လူမိုက်များကို အသုံးပြုနေခြင်းသည် စစ်အစိုးရ လုပ်ခဲ့သည့် ဗျုဟာများဆီ တစ်ကျော့ပြန် ဦးတည်နေခြင်းအဖြစ်လည်း တွေ့မြင်ရကြောင်း လူအခွင့်အရေးအဖွဲ့က ပြောသည်။

မတ်လ ၅ရက်ကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ တာဝန်လက်ပတ်များ လက်မောင်းတွင် ပတ်ထားသည့် အရပ်ဝတ်လူအုပ်နှင့် ရဲအဖွဲ့က လက်ပံတန်းကျောင်းသားသပိတ်ကို အားပေးထောက်ခံသည့် စုရုံးဆန္ဒဖော်ထုတ်သည့် ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုကို ရည်ညွှန်းလျက် ဆန္ဒပြကျောင်းသားများကို ရဲများက မလိုအပ်ဘဲ မကြာမီကလည်း အင်အားသုံးခဲ့သည်ဟု  လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပြောသည်။

အစိုးရအနေဖြင့် အင်အားအလွန်အကျွံ သုံးစွဲခြင်းအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ကာ အရေးယူသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

“ဥရောပသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများက ယခုလို ရဲအဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုများကို ပြင်းပြင်းထန်ထန် ရုှုတ်ချသွားသင့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အခွင့်အရေးကို ကာကွယ်ခြင်းမရှိဘူးဆိုလျှင် မြန်မာအစိုးရကို ထောက်ကူပြုနေမှုများကိုလည်း ပြန်လည်သုံးသပ်ဖို့လိုပြီ” ဟု အဒမ်ကပြောသည်။

“မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးက တစ်နေ့ထက်တစ်နေ့ ယိမ်းယိုင်လာတာကို တွေ့နေရပါပြီ”ဟုလည်း ၎င်းက ပြောခဲ့သည်။