ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုအတွက် အသင့်ပြင်ထားရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်တွင်းရှိ ပါတီ ၁၉ ပါတီမှခေါင်းဆောင် များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "တိုင်းရင်းသား လူနည်းစုပါတီ များကို ကိုယ်စားပြုဆွေးနွေးရမယ်ဆိုတော့ ကိုယ်တင်ပြမယ့့် စာတမ်းအပေါ်မှာ mandate တစ်ခါယူလိုက်၊ ဆွေးနွေးညှိနှိုင်းပြီးရင် ပြန်ပြီးတော့ တိုင်းရင်းသား ပါတီများကို တင်ပြပေးရပါမယ်’’ ဟု ဆိုသည်။
"နောက်အပတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခုတင်နိုင်တယ်၊ အဲဒါကြောင့်လည်း ဒီကြားထဲမှာ တွေ့ဆုံညှိနှိုင်းမှု လုပ်သင့်တယ်လို့ အားလုံးက ယူဆကြတယ်’’ ဟု ဖြည့်စွက်ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒုတိယဥက္ကဌ ဦးစိုးဝင်းက ခြောက်ပွင့်ဆိုင်ကိစ္စတွေ့ဆုံရန် ရှိသည့်အတွက် တိုင်းရင်းသား ကိုယ်စားလှယ်များကိုယ်စား တက်ရောက်မည့် ဒေါက်တာအေးမောင်အားလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားခဲ့သည်ဟုဆိုသည်။
ဒေါက်တာအေးမောင်က "နောက်အပတ် ဖြစ်နိုင်တယ်၊ အဆင်သင့်နေပေးပါ၊ ဘယ်မှမသွားပါနဲ့’’ ဟု ပြည်ထောင်စုလွှတ်တော် နာယက က ပြောကြားခဲ့သည် ဟုဆိုသည်။
မွန်တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာ ဗညားအောင်မိုးက လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရာ စည်ပင်ဧည့်ရိပ်သာတွင် နိုင်ငံရေးပြောဆိုဆွေးနွေးခြင်း၊ ဧည့်သည်များတွေ့ဆုံခြင်း အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကန့်သတ်ခြင်းကို ဖြေရှင်းပေးရန် လည်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဦးစိုးဝင်းက "နိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေ နိုင်ငံရေးစကားမပြောရဘူးဆိုတာ အဆင်မပြေတဲ့ကိစ္စပဲ၊ ဒေါက်တာအေးမောင်တို့ အစည်းအဝေးလုပ်ဖို့ နေရာတောင်းတော့လည်း စည်ပင်ကမပေးဘူး၊ ယူနီစံလက်ဖက်ရည်ဆိုင်မှာ လုပ်မယ်ဆိုတော့လည်း စည်ပင်က ခွင့်ပြုထားခြင်းမရှိလို့ မရခဲ့ဘူး၊ အဲဒါကိုလည်း နယက(သူရဦးရွှေမန်း)က စာနဲ့ရေးတင်ဖို့ပြောပါတယ်’’ ဟု ဆိုသည်။
အဆိုပါတွေ့ဆုံပွဲကို မတ်လ ၁၁ရက် မွန်းလွဲ ၁၂နာရီခွဲခန့်မှ ၁နာရီခန့်အထိ မိနစ် ၃၀ခန့်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။