ရခိုင်မှ မန္တလေးသို့ သွားသည့် ဘတ်စ်ကားတစ်စီးသည် မတ်လ ၉ရက်က ရိုးမတောင်ပေါ် ပဒန်းမြို့အနီး ရိုးလမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်၍ ချောက်ထဲထိုးကျရာ ဆရာတော် တစ်ပါး ပျံလွန်တော်မူပြီး ကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက် (ကားစပယ်ယာ) တို့လည်း သေဆုံးသွားကြောင်း သတင်းရရှိသည်။
ယင်းအပြင် ခရီးသည် အများအပြားလည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု မင်းပြားမြို့ ရိုးမ မန္တလာကားဂိတ်တွင် တာဝန် ထမ်းဆောင်နေသူ ၀န်ထမ်း တစ်ဦးက အတည်ပြုပြောကြားသည်။
ယင်းကားမှာ ရိုးမ မန္တလာ လူတင်ဘတ်စ်ကား ဖြစ်ပြီး ရိုးတောင်မှ အဆင်းတွင် နောက်မှ လိုက်ပါလာသော ကား ၅စီးနှင့် အတူ အတက်ကားတစ်စီးကို ရှောင်ကွင်းရာမှ ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း ယင်းဝန်ထမ်းက ပြောသည်။
ပျံလွန်တော်မူသွားသော ဆရာတော်မှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၀က်မင်းကျားကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးစန္ဒောဘာသဖြစ်ကြောင်း၊ ဆရာတော်၏ ဆွေးမျိုးတစ်ဦး မန္တလေးတွင် နာမကျန်းဖြစ်နေ ၍ ပြုစုစောင့်ရှောက်ရန်အသွားတွင် ယခုလို ကားတိမ်းမှောက်ရာ၌ ပါ၀င်ပြီး ပျံလွန်တော်မူ သွားခြင်း ဖြစ်ကြောင်း၊ ဆရာတော်၏ ရုပ်အလောင်းကို မတ်လ ၁၁ရက်နေ့တွင် မင်းပြားမြို့သို့ ယူဆောင်လာမည် ဖြစ်ကြောင်း ပျံလွန်တော်မူသွားသည့် ဆရာတော်၏ မိတ်ဆွေ ဆရာတော် ဦးဗုဒ္ဓပီယပြောသည်။
ရခိုင်ပြည်နယ်နှင့် မန္တလေး၊ ရန်ကုန်တို့ကို ဆက်သွယ်ထားသော အမ်း-မင်းဘူးလမ်း၊ တောင်ကုတ်-ပဒေါင်းလမ်းများ အထူးကျဉ်းပြီး လမ်းများမှာလည်း အထူးကြမ်းတမ်းသဖြင့် မကြာခဏ ကားတိမ်းမှောက် မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။