တစ်ပတ်အတွင်း မူးယစ်ဆေးသုံးစွဲသည့် လူငယ် ၃၀ကျော် မွန်ပြည်သစ်ဖမ်းဆီးမိ

တစ်ပတ်အတွင်း မူးယစ်ဆေးသုံးစွဲသည့် လူငယ် ၃၀ကျော် မွန်ပြည်သစ်ဖမ်းဆီးမိ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း ယခုလ ပထမပတ်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် ၃၀ ကျော်ကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိကြောင်း မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရုံးမှ နိုင်ထွန်းအုန်းက ပြောသည်။

နိုင်ထွန်းအုန်းက “အခုဖမ်းထားတာ အယောက် ၃၀ကျော်နေပြီ၊ အများစုကတော့ အသက် ၁၇နဲ့ ၃၅နှစ်ကြား လူငယ်တွေဖြစ်တယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဖမ်းစီးရမိသည့် မူယစ်ဆေးသုံးစွဲသည့်လူငယ်များ(NMSP)

ယင်းလူငယ်များမှာ အနင်းကျေးရွာ၊ ပငရွာ၊ တောင်ပရွာ၊ ကလော့သော့ရွာ၊ ထုံမင်ရွာနှင့် ကမာဝက်မြို့မှ လူငယ်အများစု ပါဝင်သည်ဟု သူကဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ယခု မတ်လ ၃ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ၊ မော်လမြိုင် ခရိုင်အလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်ချက်တစ်ရပ်ကို ဖြန့်ဝေထားသည်။

ယင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါနှင့် ပတ်သက်၍ စီးပွားအဖြစ် ရောင်းချနေသူများနှင့် သုံးစွဲနေသူများကို မွန်ပြည်သစ်ပါတီ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တို့မှ လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးမိသူများကိုလည်း ထိုက်သင့်သည့် ပြစ်ဒဏ်များကို ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ သုံးစွဲသူများကို လည်း ပညာပေးမှုများ၊ စိတ်ဓါတ်ရေးရာ ပြင်ဆင်မှုများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ ဒေသဖွံ့ဖြိုးရေးဌာနတာဝန်ခံ နိုင်ဟံသာဗိုန်ခိုင်းက “မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီက မူဝါဒတစ်ခုအနေနဲ့ အတိအကျ ချမှတ်ထားတာရှိတယ်၊ ရောင်းတဲ့သူ၊ သုံးစွဲတဲ့သူ၊ သယ်ယူပို့ဆောင်တဲ့သူတွေအတွက် ပြစ်ဒဏ်တွေကိုလည်း ဥပဒေနဲ့အညီ သတ်မှတ်ချက်ရှိတယ်” ဟု ဆိုသည်။

မူးယစ်ဆေးစွဲနေသည့်လူငယ်များကို ဖမ်းဆီးမိရာတွင် ဆေးဖြတ်နိုင်ရန် အကူအညီများ လိုအပ်လျှက်ရှိကြောင်း၊ သာမန်လူကောင်းဘဝ ပြန်လည်ရောက်ရှိစေရန် ပြုပြင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြုပြင်ရာတွင် မွန်ပြည်သစ်ပါတီ အနေဖြင့် အချိန်ကာလတစ်ခုသာ ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ လွန်ခဲ့တဲ့လကုန်ပိုင်းတွင် ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ မူယစ်ဆေးရောင်း ချသူတစ်ဦးကိုလည်း ဖမ်းဆီး အရေးယူထားလျက်ရှိကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးအသွင် လှုပ်ရှားတိုက်ဖျက်လျှက် ရှိကြောင်း သိရသည်။

Most read this week