တောင်ကြီးမြို့တွင် ဒုတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ ကျင်းပ

တောင်ကြီးမြို့တွင် ဒုတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ ကျင်းပ
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်ရှိ ဟုတ်ကြန့် တရုတ်ဘုံကျောင်း ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို သျှမ်းပြည်နယ်ရှိ အမျိုးသမီးများ ကွန်ရက်နှင့် အမျိုးသမီး အဖွဲ့အစည်းတို့မှ အသီးသီးပူးပေါင်း၍ မတ်လ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည် ။

ယင်းအခမ်းအနားသည် မြန်မာ့နိုင်ငံရေးလောကတွင် အမျိုးသမီးများပိုမိုပါ၀င် လာနိုင်ရေး၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး၊ နယ်ပယ်အသီးသီးအတွင်း အမျိုးသမီးများ ကြီးမားသော ခွန်အားတစ်ရပ်အဖြစ် ပါ၀င် တည်ဆောက်လာနိုင်စေရေး စသည်များကို ရည်ရွယ်ကြောင်း ပွဲကျင်းပရေးကောက်မတီမှ မသန္တာဦးကရှင်းပြသည်။

IWD 2 GTI Shan Women

"အမျိုးသမီးတွေရဲ့နစ်နာမှုတွေ၊ အကြမ်းဖက်ခံရတာတွေ၊ လိမ်ကျွန်ပြုမှုခံရတာတွေ၊ လူကုန်ကူးခံရမှုတွေ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကို ထိထိရောက်ရောက်ဖော်ထုတ်ပြီး တရားဥပဒေအရ ထိရောက်စွာ ကာကွယ်စောင့် ရှောက်နိုင်ဖို့ အကာအကွယ်တွေ လိုအပ်နေသေးတယ် " ဟု ၄င်းက ဆိုသည် ။

ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများ အကြမ်းဖက်မှု တိုက်ဖျက် ကာကွယ်ရေးဥပဒေ လက်ရှိရေးဆွဲနေကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဥပဒေကိုလည်း ရေးဆွဲနေကြောင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ယင်းအခမ်းအနားတွင် ရှင်းပြသည်။

"လွှတ်တော်ထဲမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် စွမ်းဆောင်ရည် သာနေပါတယ်။ ကျမတို့ အမျိုးသမီးအမတ်တွေက ပိုပြီးစည်းလုံးပါတယ်။ အမျိုးသားတွေထက် နှစ်ဆ ပိုအလုပ်လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ အမျိုးသမီးရာခိုင်နှုန်း အလွန်နည်းတဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ အားနည်းနေတယ်။ ကျမတို့အမျိုးသမီးတွေကတော့ လွှတ်တော်ထဲရောက်ရင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲတွေဆိုတာ မရှိတော့ဘူး ကိုယ့်အဆိုအောင်မြင်ဖို့အဓိကပဲ " ဟု ပြောသည်။

တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်သော ယင်းအခမ်းအနားသို့ သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်း၊ ပလောင်၊ ကယန်း စသည့် တိုင်းရင်းသူအမျိုးသမီး အဖွဲ့အစည်းများနှင့် အမျိုးသမီး လွှတ်တော်အမတ်များ အပါအဝင် စုစုပေါင်း လူဦးရေ   လေးရာကျော် တက်ရောက်ခဲ့သည်ဟု သိရသည် ။

၁၉၀၈ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများသည် ၄င်းတို့၏ အလုပ်ချိန်များလျှော့ရေး၊ လစာတိုးပေးရေးနှင့် မဲပေးခွင့်ရရှိရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစပြုခြင်းဖြစ်သည်။ ၁၉၁၀ခုနှစ်ရောက်သော် ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးများညီလာခံ ဒုတိယအကြိမ်ကျင်းပခဲ့သည်။ ညီလာခံတွင် ဂျာမနီနိုင်ငံ ဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ကလဲရာဇတ်ခင် (Clara Zetkin) က အပြည်ပြည်ဆိုုင်ရာအမျိုးသမီးများနေ့အား တစ်ကမ္ဘာလုံး တစ်ရက်ထဲသတ်မှတ် ကျင်းပသွားရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများအား တောင်းဆိုကြရန်အတွက် တင်ပြဆွေးနွေးရာ ညီလာခံ တက်ရောက်သူများအားလုံးမှာ ကန့်ကွက်သူမရှိ သဘောတူခဲ့ကြသည်။

ပထမဆုံး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ၁၉၁၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှစ၍ မတ်လ ၈ရက်နေ့အား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တသမတ်တည်း သတ်မှတ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Most read this week