တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်ရှိ ဟုတ်ကြန့် တရုတ်ဘုံကျောင်း ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို သျှမ်းပြည်နယ်ရှိ အမျိုးသမီးများ ကွန်ရက်နှင့် အမျိုးသမီး အဖွဲ့အစည်းတို့မှ အသီးသီးပူးပေါင်း၍ မတ်လ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည် ။
ယင်းအခမ်းအနားသည် မြန်မာ့နိုင်ငံရေးလောကတွင် အမျိုးသမီးများပိုမိုပါ၀င် လာနိုင်ရေး၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး၊ နယ်ပယ်အသီးသီးအတွင်း အမျိုးသမီးများ ကြီးမားသော ခွန်အားတစ်ရပ်အဖြစ် ပါ၀င် တည်ဆောက်လာနိုင်စေရေး စသည်များကို ရည်ရွယ်ကြောင်း ပွဲကျင်းပရေးကောက်မတီမှ မသန္တာဦးကရှင်းပြသည်။
"အမျိုးသမီးတွေရဲ့နစ်နာမှုတွေ၊ အကြမ်းဖက်ခံရတာတွေ၊ လိမ်ကျွန်ပြုမှုခံရတာတွေ၊ လူကုန်ကူးခံရမှုတွေ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကို ထိထိရောက်ရောက်ဖော်ထုတ်ပြီး တရားဥပဒေအရ ထိရောက်စွာ ကာကွယ်စောင့် ရှောက်နိုင်ဖို့ အကာအကွယ်တွေ လိုအပ်နေသေးတယ် " ဟု ၄င်းက ဆိုသည် ။
ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများ အကြမ်းဖက်မှု တိုက်ဖျက် ကာကွယ်ရေးဥပဒေ လက်ရှိရေးဆွဲနေကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဥပဒေကိုလည်း ရေးဆွဲနေကြောင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ယင်းအခမ်းအနားတွင် ရှင်းပြသည်။
"လွှတ်တော်ထဲမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် စွမ်းဆောင်ရည် သာနေပါတယ်။ ကျမတို့ အမျိုးသမီးအမတ်တွေက ပိုပြီးစည်းလုံးပါတယ်။ အမျိုးသားတွေထက် နှစ်ဆ ပိုအလုပ်လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ အမျိုးသမီးရာခိုင်နှုန်း အလွန်နည်းတဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ အားနည်းနေတယ်။ ကျမတို့အမျိုးသမီးတွေကတော့ လွှတ်တော်ထဲရောက်ရင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲတွေဆိုတာ မရှိတော့ဘူး ကိုယ့်အဆိုအောင်မြင်ဖို့အဓိကပဲ " ဟု ပြောသည်။
တောင်ကြီးမြို့တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်သော ယင်းအခမ်းအနားသို့ သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်း၊ ပလောင်၊ ကယန်း စသည့် တိုင်းရင်းသူအမျိုးသမီး အဖွဲ့အစည်းများနှင့် အမျိုးသမီး လွှတ်တော်အမတ်များ အပါအဝင် စုစုပေါင်း လူဦးရေ လေးရာကျော် တက်ရောက်ခဲ့သည်ဟု သိရသည် ။
၁၉၀၈ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများသည် ၄င်းတို့၏ အလုပ်ချိန်များလျှော့ရေး၊ လစာတိုးပေးရေးနှင့် မဲပေးခွင့်ရရှိရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစပြုခြင်းဖြစ်သည်။ ၁၉၁၀ခုနှစ်ရောက်သော် ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးများညီလာခံ ဒုတိယအကြိမ်ကျင်းပခဲ့သည်။ ညီလာခံတွင် ဂျာမနီနိုင်ငံ ဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ကလဲရာဇတ်ခင် (Clara Zetkin) က အပြည်ပြည်ဆိုုင်ရာအမျိုးသမီးများနေ့အား တစ်ကမ္ဘာလုံး တစ်ရက်ထဲသတ်မှတ် ကျင်းပသွားရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများအား တောင်းဆိုကြရန်အတွက် တင်ပြဆွေးနွေးရာ ညီလာခံ တက်ရောက်သူများအားလုံးမှာ ကန့်ကွက်သူမရှိ သဘောတူခဲ့ကြသည်။
ပထမဆုံး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ၁၉၁၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှစ၍ မတ်လ ၈ရက်နေ့အား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တသမတ်တည်း သတ်မှတ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။