လောက်ကိုင်တိုက်ပွဲများကြောင့် တရုတ်ကို အထင်မလွဲရန် တရုတ်နိုင်ငံ အရာရှိများပြော

လောက်ကိုင်တိုက်ပွဲများကြောင့် တရုတ်ကို အထင်မလွဲရန် တရုတ်နိုင်ငံ အရာရှိများပြော
by -
မဇ္စျိမ

 လောက်ကိုင်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံကို အထင်မလွဲရန် တရုတ်အစိုးရ တာဝန်ရှိသူများက မြန်မာကိုယ်စားလှယ်များကို ပြောကြားလိုက်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းလိုက်သည်ဟု လောက်ကိုင်အရေးနှင့် ပတ်သက်၍ တရုတ်နှင့်ဆွေးနွေးရန် သွားရောက်ခဲ့သူ တရုတ်သံအမတ်ဟောင်း ဦးစိန်ဝင်းအောင်က မဇ္ဈိမကိုပြောသည်။

တရုတ် နိုင်ငံခြားရေးရာဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ အထူးစေလွှတ်သော  ကိုယ်စားလှယ်အဖွဲ့ တို့ မတ်လ ပထမပတ်က တရုတ်နိုင်ငံတွင် တွေ့ဆုံ၍ လောက်ကိုင်အရေး ဆွေးနွေးမှုတွင်
ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးစိန်ဝင်းအောင်က "တရုတ် အစိုးရက လက်နက်ကိုင်တွေကို အကူအညီပေးခဲ့တာမရှိဘူး၊ ဒါကြောင့်
အထင်မလွဲပါနဲ့ လို့ ပြောတယ်"ဟု မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ  ၉ရက်က စတင်ဖြစ်ပွားခဲ့သည် လောက်ကိုင်တိုက်ပွဲများနှင့် စပ်လျဉ်းပြီး မြန်မာ-တရုတ် နိုင်ငံဆက်ဆံရေးအတွက် တရုတ်သံအမတ်ဟောင်းနှစ်ဦးပါဝင်သော အဖွဲ့က တရုတ်အစိုးရတာ ဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် အမြန်ဆုံးအပစ်အခတ်ရပ်စဲရေး၊ လောက်ကိုင်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ရောက် ရှိနေသော ဒုက္ခသည်များကို ပြန်လည်နေရာချထားရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းက "သူတို့ဆီမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ အမြန်ဆုံးပြန်လည်နေရာချထားရေး အတွက်လည်း တိုက်တွန်းလိုက်တယ်"ဟု ဆက်ပြောသည်။

လောက်ကိုင်တိုက်ပွဲများနှင့် စပ်လျဉ်းပြီး တရုတ်-မြန်မာဆက်ဆံရေးအတွက် "ပုံမှန်ပဲ ဆက်သွားနေမယ် ၊ကျွန်တော်တို့က ကူညီစရာရှိတာ ကူညီပြီး သူတို့က ကူညီစရာရှိတာလဲကူညီမယ်"ဟု ဆိုသည်။

လောက်ကိုင်မြို့တိုက်ပွဲများကြောင့် မြန်မာ ဒုက္ခသည် သုံးသောင်းကျော် တရုတ်နိုင်ငံသို့ ရောက် ရှိနေပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့
တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ မတ်လ ၈ရက်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများကြောင့် တပ်မတော်ဖက်မှ အရာရှိ၊ တပ်သား စုစုပေါင်း ၁၀၀ကျော် ကျဆုံးခဲ့ပြီးဖြစ်သည်။

Most read this week