ဆေးရုံးတွင် မြွေအဆိပ်ဖြေဆေး မရှိသောကြောင့် ကျေးရွာဆရာတော်မှ ဆေးရရှိရန် ဦးဆောင်

ဆေးရုံးတွင် မြွေအဆိပ်ဖြေဆေး မရှိသောကြောင့် ကျေးရွာဆရာတော်မှ ဆေးရရှိရန် ဦးဆောင်
by -
မင်းအာသံ
မွန်ပြည်နယ် မော်လမြိုင်ဆေးရုံနှင့် မြို့နယ်ဆေးရုံတို့တွင် မြွေအဆိပ်ဖြေဆေး ဆေးဝါး တစ်ခါတစ်ရံတွင် ပြတ်လတ်မှုကြောင့် မြွေအဆိပ်တားဆီးနိုင်သော ဆေးများရရှိနိုင်ရန် မြွေပေါများသော ကမာဝက်ကျေးရွာ လဝီမာန်ထောဘုန်းကြီးကျောင်း ဆရာတော်မှ ဦးဆောင် ...

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံနှင့် မြို့နယ်ဆေးရုံတို့တွင် မြွေအဆိပ်ဖြေဆေး ဆေးဝါး တစ်ခါတစ်ရံတွင် ပြတ်လတ်မှုကြောင့် မြွေအဆိပ်တားဆီးနိုင်သော ဆေးများရရှိနိုင်ရန် မြွေပေါများသော ကမာဝက်ကျေးရွာ လဝီမာန်ထောဘုန်းကြီးကျောင်း ဆရာတော်မှ ဦးဆောင်ပြီး ရွာသားများနှင့် ဆေးဝါးထောက်ပံ့ပေးသော အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု သိရပါသည်။

ယခုကဲ့သို့  အဖွဲ့ အဖွဲ့စည်းရခြင်းမှာ ကမာဝက်ကျေးရွာတွင် အဆိပ်ပြင်းသော မြွေများအလွန်ပေါများခြင်းကြောင့် မြွေအကိုက်ခံရသော လူနာ၏အသက်အန္တရာယ်ကို ကယ်တင်နိုင်ရန် ကျေးရွာအတွင်း မြွေအဆိပ်ဖြေဆေး အရန်အသင့်ရှိရန် လိုအပ်သည်ဟု ဦးဆောင်သူ ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိပ်ပြင်းသောမြွေများနှင့် အကိုက်အခံရလျှင် ဆေးဝါးအချိန်မှီထိုးနိုင်သာလျှင် လူနာအသက်ကို ကာကွယ်နိုင်မည်ဖြစ်ပြီး အကယ်၍ ကျေးရွာတွင် ဆေးဝါးအဆင်သင့်မရှိပါက မြို့ဆေးရုံသို့ တဆင့်သွားရမည်ဆိုလျှင် လူနာမှာမြွေအဆိပ်တက်၍ လမ်းခရီးတွင် သေဆုံးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ဆရာတော်မှ ဆက်ပြီး မိန့်ကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်တွေမှာ ကြုံဖူးတယ်၊ ရွာသားတွေ မြွေအကိုက်ခံရလို့ မြွေအဆိပ်ဖြေဆေးထိုးဖို့ ရွာမှာဆေးမရှိတော့ မြို့ဆေးရုံးကို တက်ရတယ်၊ မြို့ဆေးရုံရောက်ဖို့ နာရီနဲ့ကြာသောအခါ လူနာက အမြွေအဆိပ်တက်ပြီး လမ်းမှာ အသက်ပျောက်ဆုံး သေသွားတာရှိသလို၊ တစ်ချို့က မြို့ဆေးရုံကိုအချိန်မှီ ရောက်သော်လည်းပဲ ဆေးရုံမှာ တစ်ခါတစ်လေ ဆေးဝါးက မရှိပြန်တော့ လူနာရဲ့အသက်ကို မကာကွယ်နိုင်ဘူး၊ ဒါကြောင့်မို့ ဘုန်းဘုန်းတို့က ဒီမြွေဆိပ်ဖြေဆေးကို ဝယ်ပြီးတော့ အနီးဆုံး ကျေးရွာပြည်သူ့ဆေးရုံးမှာ ထားရှိဖို့ စီစဉ်ထားတယ်” ဟု မိန့်ကြားခဲ့သည်။

ထိုသို့ မြွေအဆိပ်ဖြေဆေးကို အလွယ်တကူရရှိရန် အရှေ့တောင်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းဇနီးကို ဆရာတော်တို့က ဆက်သွယ်အကူညီတောင်းရာ မော်လမြိုင်တွင် ၄င်းဆေးရရှိရန် ခက်ခဲကြောင်းနှင့် ထိုင်းမြန်မာနယ်စပ်မြို့ မြဝတီမှ ဝယ်ယူမှသာ အလွယ်တကူရနိုင်ကြောင်း တိုင်းမှူး၏ဇနီး ပြောခဲ့သောကြောင့် မြဝတီမြို့တွင် ဝယ်ယူရန် စီစဉ်ထားသည်ဟု ဆရာတော်က မိန့်ကြားသည်။

မြွေအဆိပ်ဖြေဆေး ဝယ်ယူနိုင်ရန် ဆရာတော်နှင့် အဖွဲ့သားများက ကျေးရွာအတွင်း၌ အလှူငွေ ကောက်ခံခဲ့ရာ စုစုပေါင်း အလှူခံငွေ ကျပ် (၈) သိန်းရခဲ့ပါသည်ဟု အဖွဲ့ဝင် ဦးပဇင်းတစ်ပါးက ဆိိုသည်။ ရခဲ့သော ငွေကြေးအာလုံးကို ဆေးဝါးဝယ်ယူမည်ဟု ဆိုသည်။

မြွေအဆိပ်ဖြေဆေးတစ်ပုလင်း၏ တန်ဖိုးမှာ ၂ သောင်းကျပ်ဖြစ်ပြီး ငွေကြေးမတတ်နိုင်သော သူများအတွက် အခမဲ့ကုသပေးမည်ဟု ဦးပ္ဇင်းက ဆက်ရှင်းပြသည်။

“တကယ်လို့ မြွေအကိုက်ခံရတဲ့သူမှာ မြွေအဆိပ်ဖြေဆေးထိုးဖို့် ငွေကြေးမတတ်နိုင်လို့ရှိရင် ဖြေဆေးကို အခမဲ့ကုသပေးဖို့ စီစဉ်ထားတယ်၊ ငွေကြေးတတ်နိုင်တဲ့ သူတွေကြတော့ ဖြေဆေးရဲ့ မူလတန်ဖိုးအတိုင်း ပေးဆောင်ရမယ််” ဟု ဦးပဇင်းက ဆိုသည်။

မြွေအဆိပ်ဖြေဆေး ထောက်ပ့ံပေးရန် လွန်ခဲ့သော ၅ ရက်က ကမာကျေးရွာ မုဒုံမြို့နယ် လဝီမာန်ထော ဘုန်းကြီးကျောင်းတွင် အစည်းအဝေးကျင်းပခဲ့ပြီး ဆေးဝါးကို မှာယူလျက်ရှိသေးကြောင်း သိရသည်။

Most read this week