စစ်ကိုင်းတိုင်း မုံးရွာမြို့တွင် ဖြစ်ပွားနေသည့် H5N1 ကြက်ငှက်တုပ်ကွေးရောဂါနှင့် အိန္ဒိယနိုင်ငံ တွင် ဖြစ်ပွားနေသည့် H1N1 တုပ်ကွေးရောဂါ ပေါင်းစပ်ပြီး အလွန်ကူးစပ်မြန်ပြီး စိုးရိမ်စရာကောင်းသည့် ဗိုင်းရပ်စ်ပိုး ဖြစ်လာနိုင်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးကို အထူးစောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
“ဒီဗိုင်းရပ်စ်နှစ်မျိုးသာ ပေါင်းမိသွားရင် လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပေါ်နိုင်တဲ့အတွက် ရောဂါစောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ယခု လက်ရှိအခြေအနေမှာတော့ အိန္ဒိယမှာဖြစ်နေတဲ့ တုပ်ကွေးရောဂါ ပြည်တွင်းသို့ ကူးစက်မှု မရှိသေးတာကို တွေ့ရပါတယ်” ဟု ကျန်းမားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင်က ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်း ညှိုနှိုင်းအစည်းအဝေးတွင် ပြောသည်။
အဆိုပါ ဗိုင်းရပ်စ် နှစ်မျိုးသည် ၀က်များသို့ကူးစက်ပြီး ဝက်များမှတစ်ဆင့် ကူးစက်မြန်သည့် ဗိုင်းရပ်စ် အသစ်တစ်မျိုး ထပ်မံပေါ်ထွက်လာပြီး လူများသုုိ့ ကူးစက်မြန်ရောဂါ ဖြစ်ပွားလာမည် ဖြစ်သည်။
လက်ရှိ ကူးစက်ဖြစ်ပွားလျက်ရှိသည့် H5N1 ကြက်ငှက်တုပ်ကွေးရောဂါဟာ လူမှလူသို့ ကူးစက်နိုင် မှု နှေးကွေးသော်လည်း ဗီဇမျိုးရိုး ပြောင်းလဲလာပြီး ရောဂါပိုး အသစ်ဖြစ်ပေါ်လာလျှင် ကူးစက်မြန်လာ ကာ နိုင်ငံအတွင်း လူအများသို့ ကူးစက်ပျံ့နှ့ံသွားနိုင်သည် ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
“စစ်ကိုင်းတိုင်းဒေသကြီးမှာ မွေးမြူးရေးဝန်ကြီးဌာနနဲ့ ပူပေါင်းပြီး ဝက်နဲ့ ကြက်တွေ အတူမွေးထား သလား။ မွေးမြူးထားရင် အတူမမွေးဖို့ စတင်ဆောင်ရွက်နေပါပြီး“ဟု ရောဂါထိန်းသိမ်းရေးနှင့်ကျန်းမားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးစိုလွင်ငြိမ်းကပြောသည်။
သက်ဆိုင်ရာမြို့နယ်များတွင်လည်း H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရလျှင်လည်း အချိန်မီကုသနိုင်ရန် မြို့နယ်များရှိ ကျန်းမားရေးဆေးရုံးများတွင် ဆေးဝါးများကို အဆင့်သင့် ဆောင်ရွက် ထားပြီးဖြစ်သည်ဟု ဆိုသည်။
“မုံရွာမြို့တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားသည့် နေရာရှိ လုပ်ငန်းဆောင်ရွက်နေသူ လေးဦးဖျားနာ တာတွေ့တယ်။ ရန်ကုန်ဆေးရုံးကြီးမှာ စစ်ဆေးတယ်။ မဟုက်ဘူးဆိုတာတွေ့ရတယ်။ ဓာက်ခွဲခန်းလည်းရန်ကုန် အဆင်သင့်ဝယ်ထားပါပြီး” ဟု ဒုတိယညွှန်ချူပ်က ဆက်ပြောသည်။
ထိုကြောင့် ကျန်းမားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားနေသည့် H1N1 ကူးစက်ခြင်းမရှိရန် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်၊ ၂၀၁၄ခုနှစ်အတွင်း ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု ခုနှစ်ကြိမ်ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကျိုင်းထုံးမြို့တွင် အသက် ခုနှစ်အရွက် မိန်းကလေးတစ်ဦးကို ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားခဲ့ပြီး အချိန်မီသိရှိခဲ့သည့်အတွက် ကုသမှုခံ ယူနိုင်ခဲ့သည်။