ဆူပူမှုမဖြစ်အောင် လက်ပံတန်းဒေသခံများ အေးချမ်းစွာနေကြရန် မြို့နယ်သံဃနာယက လှည့်လည်ကြေညာ

ဆူပူမှုမဖြစ်အောင် လက်ပံတန်းဒေသခံများ အေးချမ်းစွာနေကြရန် မြို့နယ်သံဃနာယက လှည့်လည်ကြေညာ
by -
မဇ္စျိမ

စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ မထိခိုက်စေရေးနှင့် ပိတ်ဆို့ခံထားရသည့် သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများအား အန္တရာယ်မကျရောက်စေရေးအတွက် ဒေသခံပြည်သူများ က အေးချမ်းစွာနေထိုင်ကြရန် လက်ပံတန်းမြို့နယ်မှ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့က မတ်လ ၅ရက်၊ ညနေ(၆)နာရီတွင် အသံချဲ့စက်ဖွင့်ကာ မြို့အတွင်း လှည့်လည်ကြေညာခဲ့သည်။

“မနစ်နာစေရအောင် မိမိတို့ရဲ့ မြို့နယ်အတွင်းမှာ ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးကို အလေးထားပြီးတော့ မြို့နယ်သူ၊ မြို့နယ်သား ဒကာ၊ ဒကာမအပေါင်းတို့ဟာ အေးချမ်းစွာ နေထိုင်ပေးကြပါ ရန်” ဟု ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့က ကားဖြင့်လှည့်လည် ကြေငြာသည်။

Student-Strike-lapatan-3

လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက်ကမ်းလမ်းထိပ်တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးမှုကို သုံးရက်ကြာ ပိတ်ဆို့ခံထားရသည့် ကျောင်းသားများကို လာရောက်မေတ္တာရပ်ခံပြီး နှစ်နာရီအကြာတွင် အထက်ပါအတိုင်း မြို့တွင်း လှည့်လည်ကြေညာခဲ့ခြင်း ဖြစ်သည်။

မတ်လ ၅ရက် မွန်းလွဲပိုင်းက အဆိုပါ ဂိုဏ်းပေါင်းစုံ သံဃနာကယ အဖွဲ့ကပင် သပိတ်မှောက် ကျောင်းသား များ နေရပ် အသီးသီးသို့ ပြန်ကြရန်နှင့် သပိတ်မှောက်ကျောင်းသားများနှင့်အတူဆန္ဒပြနေသော သံဃာများအနေဖြင့်လည်း သီတင်းသုံးရာ ကျောင်းတိုက်များသို့ ပြန်လည်ကြွရောက်ကြရန် လာရောက်မေတ္တာရပ်ခံခဲ့သေးသည်။

သပိတ်မှောက်ကျောင်းသားများသည် သာယာဝတီသို့လမ်းလျှောက်ချီတက်ပြီး ရန်ကုန်သို့ ကားဖြင့်ထွက်ခွာ ကာ ရွှေတီဂုံစေတီ သို့မဟုတ် ရန်ကုန်တက္ကသိုလ်အတွင်းသို့ဝင်ရောက်ပြီးနောက် လူစုခွဲကြရန် ကနဦးက စီစဉ်ထားသော်လည်း မတ်လ ၃ရက်ကတည်းက သပိတ်ရပ်နားသည့် ဘုန်းတော်ကြီးကျောင်းနှင့် ကိုက် ၁၀၀ခန့်အကွာတွင်ပင် အာဏာပိုင်များ၏ ပိတ်ဆို့ထားဆီးမှုကို ခံနေရခြင်း ဖြစ်သည်။

မတ်လ ၄ရက်ကလည်း ကျောင်းသားများ၏ သပိတ်ကို ထောက်ခံသောအားဖြင့် လက်ပံတန်းဒေသခံ အချို့က ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားသည့် ရဲတပ်ဖွဲ့၏ အနောက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။