လစာတိုးရေးဆန္ဒပြသည့် အလုပ်သမား ၁၄ဦးအမှုဖွင့်ခံထားရ၊ အီလန်စက်ရုံအလုပ်သမားအချို့ ပြေလည်မှုရဟုဆို

လစာတိုးရေးဆန္ဒပြသည့် အလုပ်သမား ၁၄ဦးအမှုဖွင့်ခံထားရ၊ အီလန်စက်ရုံအလုပ်သမားအချို့ ပြေလည်မှုရဟုဆို
by -
မဇ္စျိမ

 ရွှေပြည်သာ စက်ရုံသုံးခုမှ လုပ်ခလစာတိုးမြှင့်ရေးဆန္ဒပြအလုပ်သမား ၁၄ဦးကို ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ နဲ့ အမှုဖွင့်ထားကြောင်း အရှေ့ပိုင်းခရိုင် ဒု-ရဲမှူးကြီး မြင့်ထွေးက မတ်လ ၅ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

"အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ခြောက်ဦးပါတယ်။ တရားရုံးက အစီအစဉ်တိုင်းသွားမယ်။ တရားသူကြီးလုပ်ပိုင်ခွင့်တော့ ပြောလို့မ ရဘူး။တရားလိုတော့မသိဘူး" ဟု ဒု-ရဲမှူးကြီး မြင့်ဆွေကဆိုသည်။

ယခုကဲ့သို့ အရေးယူခံရသည့် အလုပ်သမားများနှင့်အတူ ဆန္ဒပြခဲ့ပြီး ဖမ်းဆီးခံရသည့်နေ့၌ စက်ရုံရှေ့ သပိတ်စခန်းတွင် ကျန်ခဲ့သည့် အီလန်မြန်မာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် အလုပ်ရှင်တို့ ညှိနှိုင်းရာ တစ်နေ့လျှင် လုပ်ခလုပ်စာ ၅၅၀နှုန်းဖြင့် သဘောတူ စာချုပ်ချုပ်ကာ ပြေလည်မှု ရရှိခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ အလုပ်သမားများကမူ တစ်နေ့လျှင် ၁၁၀၀နှုန်း တောင်းဆိုထားခြင်း ဖြစ်သည်။

လုပ်ခလစာ တစ်နေ့ ၁၁၀၀ ရရှိရေးအတွက် အလုပ်သမား ၉၀ခန့်က မတ်လ ၄ရက်က ရွှေပြည်သာရှိ စက်ရုံများရှေ့မှ အမှတ် ၄ လမ်းမကြီးအတိုင်း၊ ချီတက်ခဲ့ပြီး ရွှေပြည်သာမြို့နယ် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံး၊ ရထားသံလမ်းအရောက်၌ ခွင့်ပြုမိန့်မယူဟုဆိုတာ တားဆီးခဲ့ပြီး လူစုခွဲပေးရန် ပြောဆိုခဲ့သည်။ အလုပ်သမားများကမူ တားမြစ်သည့်နေရာတွင်ပင် ထိုင်သပိတ်ဆင်နွှဲလိုက်ခြင်းကို ညနေ ၄နာရီခန့်တွင် ဖြိုခွင်းခဲ့ပြီး အလုပ်သမားများနှင့်အတူ သတင်းထောက် နှစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။

ထိုသို့ အလုပ်သမားသပိတ်ကို လူစုခွဲမှုတွင် မီဒီယာများအနေဖြင့် ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ရေးပေးရန်လည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက တောင်းဆိုခဲ့သည်။

စက်ရုံသုံးရုံမှ အလုပ်သမားများသည် ဇန်နဝါရီလမှစတင်၍ လုပ်ခလစာကို ယခုရရှိသည့်နှုန်းထက် ကျပ်သုံးသောင်းတိုးပေး ရန်တောင်းဆိုကာ ဆန္ဒပြခဲ့ခြင်းဖြစ် ပြီး ဖေဖော်ဝါရီ ၁၇ရက်မှ စတင်ကာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများက နှစ်ရက် ကြာ ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရသေးခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၀ရက်တွင်မူ စက်ရုံများရှေ့တွင် ပိတ်ဆို့ ဆန္ဒပြသည့် သပိတ်စခန်းနှစ်ခု ဖယ်ရှားခံရကာ အလုပ်သမား အချို့လည်း ဖမ်းဆီးခံခဲ့ရသေးသည်။

Most read this week