လောက်ကိုင်ဒေသတွင် စစ်ဘေးသင့် ဒုက္ခသည် ၅၀ ခန့် ပိတ်မိနေသေးဟု ဆို

လောက်ကိုင်ဒေသတွင် စစ်ဘေးသင့် ဒုက္ခသည် ၅၀ ခန့် ပိတ်မိနေသေးဟု ဆို
by -
မဇ္စျိမ

တိုက်ပွဲများ ဖြစ်ပွားနေသည့် လောက်ကိုင်ဒေသတွင် စစ်ဘေးသင့်ပြည်သူ အယောက် ၅၀ ခန့်ပိတ်မိနေသည်ဟု ကွမ်လုံမြို့နယ် ကြက်ခြေနီအမှုဆောင် ဦးစောသန်းလွင်က မတ် ၅ရက်က မဇ္စျိမသို့ ပြောသည်။

“လားရှိုးဘက်ကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင် ယောကျာ်းလေးတစ်ဦးက ဖုန်းဆက်တယ်။ သူ့မိန်းမ ဆရာမကို မတွေ့ဘူး တဲ့။ နောက်ပြီး ဒီနေ့ပဲ လောက်ကိုင်ဘက်က ဖုန်းလာတယ်။ သူတို့ဘက်မှာ ဆရာမအပါအဝင် အယောက် ၅၀ လောက်ကျန်သေး တယ်တဲ့။ ဒါကလည်း သူတို့က မလာရဲတာလားတော့မသိဘူး။ လာရင်တော့ ကျွန်တော်တို့က ကယ်မှာပါ။ အခုထိတော့ ပစ်နေတုန်းပဲထင်တယ်။ အသံတွေတော့ ကြားနေရသေးတယ်” ဟု ၎င်းက ပြောသည်။

Kokang-Battle-04

မတ် ၅ရက်တွင် လောက်ကိုင်ဒေသဘက်မှ စစ်ဘေးရှောင်ပြည်သူ ၁၈၉ယောက်ကို ကွမ်လုံမြို့မှတစ်ဆင့် လားရှိုးမြို့သို့ ကားလေးစီးဖြင့် သွားရောက်ခေါ်ဆောင်မည် ဖြစ်သည်။

မန်ဆူဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင် အထွေထွေ အတွင်းရေးမှူး(၃) ဦးစိုင်းဆီးက “လောက်ကိုင်မှာ ပိတ်မိနေတယ် ဆိုတာတော့ ကျွန်တော်အခုထိတော့မကြားသေးဘူး။ ဒီမှာတော့ ဒုက္ခရောက်နေကြတဲ့ လောက်ကိုင်ကို မပြန်နိုင်သေးတဲ့ ဒုက္ခသည် ၈၂ယောက်တော့ရှိတယ်။ အဲဒီဘက်ကနေ ကျွန်တော်တို့ဆီကို လမ်းလျှောက်ပြီးတော့ လာနေတယ်လို့တော့ပြောတယ်။ အခုထိတော့မရောက်ကြသေးပါဘူး” ဟု ၎င်းက ပြောသည်။

ကွမ်လုံဒေသတွင်းရှိ စစ်ဘေးသင့်ဒုက္ခရောက်နေသော ပြည်သူများကိုသွားရောက်လှူဒါန်းခဲ့သည့် End War in Myanmar လူငယ်အဖွဲ့အစည်းမှ ကိုစည်သူမောင်က “ကျွန်တော်တို့ကွမ်လုံဘက်ကိုသွားလှူတော့ သတိထားမိတာက လားရှိုးဘက်ကို လှူဒါန်းတဲ့သူက ပိုများနေတယ်။ ပြီးတော့ လောက်ကိုင်မှာ ပိတ်မိနေတဲ့လူရှိနေသေးတယ်လို့ ကြားတယ်။ ဒီကွမ်လုံဘက်ကို လာရောက်လှူဒါန်းတဲ့လူက နည်းတယ်။ ကိုဝေဠုကျော်တို့က ကားနဲ့ လာပြီးတော့ ဒုက္ခသည်တွေကို ကယ်တင်တာ၊ လိုအပ်တာတွေလှူဒါန်းတာတော့တွေ့တယ်” ဟု ၎င်းက ပြောသည်။

လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီ ၉ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် အစိုးရ တပ်မတော်ကြား ဖေဖော်ဝါရီ ၉ရက်က စ၍တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Most read this week