ပင်မ ကျောင်းသား သပိတ်အား အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန်နှင့် ငြိမ်းချမ်းစွာ ချီတက်သည့် သပိတ် စစ်ကြောင်း ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့တွင်း ၀င်ခွင့်ပြုရန် အစိုးရအား သျှမ်းပြည် ကျောင်းသားသမဂ္ဂမှ ဖိအားပေး သည့်အနေဖြင့် မတ်လ ၄ရက် မနက်ပိုင်းက တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံထဲတွင် ဆန္ဒပြ တောင်းဆို လိုက်ကြောင်း သိရသည်။
တောင်းဆို ဆန္ဒပြမှုတွင် “ငြိမ်းချမ်းစွာ ချီတက်တောင်းဆိုနေသော ကျောင်းသားများကို အကြမ်းဖက်တားဆီးခြင်းမပြုရန်၊ သျှမ်းပြည် နိုင်ငံရေးအင် အားစုမှ အလေးအနက် တောင်းဆိုသည်။ ယခုလက်ရှိ မြန်မာနိုင်ငံပညာရေး မကောင်းမှန်း လူတိုင်းလက်ခံသည်။ ကျောင်းသားများ တောင်းဆိုသည့်ပညာရေးဥပဒေ အကျိုးရှိမှန်း လူတိုင်း လက်ခံ သဘောပေါက်သည်။ ပွင့်လင်းစွာ ထောက်ခံမှု မပြုနိုင်သေးခြင်းမှာ အကြောက်တရားများ ရှိနေသေးသောကြောင့် ဖြစ်သည်။ ကျောင်းသားများ အား ထောက်ခံသည်။ ပြည်သူ့ရင်သွေးကျောင်းသားများအား ဖြိုခွင်းမည့် အကြံလုံးဝလက်မခံ။ သပိတ်မှောက်ကျောင်းသားများအား တားဆီးခြင်းမပြုရ ပြည်သူ့ဆန္ဒ” စသည့် ဆောင်ပုဒ်များ ကိုင်ဆောင်လျက် သျှမ်းပြည်နယ် နိုင်ငံရေး အင်အားစုနှင့် သျှမ်းပြည် ကျောင်းသားသမဂ္ဂမှ တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
“ကျနော်တို့ သျှမ်းပြည်ကျောင်းသားသပိတ်အနေနဲ့ ပင်မသပိတ်တွေဆီ သွားဖို့ရှိမယ်။ လှုပ်ရှားမှုတွေကို ဒီထက် အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်သွားမှာပါ။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ရပ်တည်ခွင့် ရဖို့အချိန်အထိနဲ့ ဒီပညာရေးစနစ်တွေ ကောင်းမွန်စွာ အခြေပြုနိုင်တဲ့အထိ ကျနော်တို့လှုပ်ရှားသွားဖို့ ရည်ရွယ်ထားတာပါ ” ဟု သျှမ်းပြည် ကျောင်းသားသပိတ် ခေါင်းဆောင် ကိုဝင်းနိုင်ဦးက ပြောသည် ။
ဖေဖော်ဝါရီ (၁၈) ရက်နေ့က တောင်ကြီးတက္ကသိုလ် ကျောင်းရှေ့တွင် သျှမ်းပြည်နယ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ ဒီမိုကရေစီသပိတ်အား ထောက်ခံဆန္ဒပြခဲ့သည့် သပိတ်နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ (၁၉)ရက်နေ့ထုတ် စံတော်ချိန် သတင်းဂျာနယ်တွင် “ဒေသခံကျောင်း သားများ မပါ၀င်သည့် တောင်ကြီးသပိတ်စစ်ကြောင်းပေါ်ထွက်” ဟူသည့် သတင်း ခေါင်းစဉ်ပါခဲ့သည်။
၄င်းနှင့် ပါတ်သက်၍ သျှမ်းပြည်ကျောင်းသားသပိတ်ခေါင်းဆောင် ၀င်းနိုင်ဦးက “ စံတော်ချိန် သတင်းဂျာနယ်မှာ ပါတဲ့ကိစ္စ က သျှမ်းပြည်ကျောင်းသားသမဂ္ဂ ရဲ့ဂုဏ်သိက္ခာကိုညှိုးငယ် စေတယ် ။ ဒီမှာရှိတဲ့ပြည်သူတွေရဲ့ တကယ်ထောက်ခံအား ပေးတဲ့ရလဒ်က သတင်းဂျာနယ်တစ်ခုက သတင်းမှားယွင်းဖော်ပြတဲ့အတွက် တာဝန်ယူမှုတော့ ရှိရမယ် ။ နောက် ဒီလို မဖြစ်အောင် ပြန်လည် စိစစ်ဖို့ လိုမယ်လို့ ထင်တယ်” ဟု ၄င်းက ပြန်လည်ဖြေကြားခဲ့သည်။
စံတော်ချိန် သတင်းဂျာနယ်နှင့် ပတ်သက်၍လည်း မတ်လ(၁)ရက်နေ့တွင် အချက်(၆)ချက်ပါ သဘောထားကြေညာချက်ကို သျှမ်းပြည် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။