ကိုးကန့်ဒေသ ပဋိပက္ခချုပ်ငြိမ်းစေရေး ကွင်းဆင်း စစ်ဆေးပေးဖို့ အစိုးရအား သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် တောင်းဆို

ကိုးကန့်ဒေသ ပဋိပက္ခချုပ်ငြိမ်းစေရေး ကွင်းဆင်း စစ်ဆေးပေးဖို့ အစိုးရအား သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ ကုန်းကြမ်း ခရိုင်အတွင်း ဖြစ်ပွား နေသော MNDAA ကိုးကန့် တပ်ဖွဲ့နှင့် အစိုးရ တပ်မတော် တို့အကြား တိုက်ပွဲနှင့် ပဋိပက္ခတို့ ချုပ်ငြိမ်းစေရန်အတွက် မြန်မာနိုင်ငံ အစိုးရအား ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ပေးရန်  သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင်က မတ်လ ၄ရက်နေ့ရက်စွဲဖြင့် ကြေငြာချက် တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်း တောင်းဆိုလိုက်သည်။

ထို ကြေညာချက်နှင့် ပတ်သက်၍ သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း SHRF မှ ပြောခွင့်ရှိသူ စိုင်းဟော်ရှဲန်က “လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မြန်မာအစိုးရကနေ အမြန်ဆုံး သွားရောက်စုံစမ်း စစ်ဆေးပေးဖို့နဲ့ ဖြစ်စဉ်အားလုံးအတွက် အရေးယူဆောင်ရွက်ပေးဖို့ ကျနော်တို့ထုတ်ပြန်ကြေငြာချက်ကို အစိုးရဆီကို ပို့ပေးတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိုလည်းပေးပို့တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ်ယန်ဟီလီး ဆီကိုလည်း ပေးပို့ပါ တယ်” ဟု ပြောသည်။

ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသော ပဋိပက္ခတွင် မြန်မာအစိုးရ၏ တပ်မတော်သည် ဒေသခံလူထုအား လက်လွတ်စပယ်ပစ်ခတ်ခြင်း၊ ဓါးစာခံအဖြစ်ဖမ်းဆီးရိုက်နှက်ခြင်းတို့အပေါ်  သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင် SHRF ကအထူးရှုတ်ချကြောင်းလည်း ကြေညာချက်ထဲတွင် ပါရှိသည်။

ကိုးကန့်ဒေသအတွင်းတိုက်ပွဲကြောင့် ဒေသခံလူထု ၁၀၀ ထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ကိုးကန့်တပ်ဖွဲ့အား မျှားခေါ် တိုက်ခိုက်ရန် မြန်မာစစ်တပ်သည် ဒေသတွင်းလူထုအား ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ တရုတ်နယ်စပ်နှင့် လားရှိုးဘက်သို့ သောင်းနှင့်ချီ စစ်ဘေးရှောင်ကြရကြောင်း SHRF ကပြောသည်။

“နိုင်ငံရေးကိုစစ်ရေးနဲ့ဖြေရှင်းလာတာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းလာတာမရှိပါဘူး။ စစ်ဒဏ်ကြောင့် လူထုက ဆင်းရဲဒုက္ခရောက်ရတယ်။ ဒါကြောင့် နိုင်ငံရေးကို အေးချမ်းစွာဖြေရှင်းစေလိုတယ်။ အခုဆိုရင် စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူထု၊ ဘယ်အဖွဲ့အစည်းဆီကမှ ဘာအကူအညီမှ မရရှိသေးပါဘူး” ဟုလည်း စိုင်းဟော်ရှဲန်က ပြောသည်။

ဖေဖော်ဝါရီလ ၉ရက်နေ့ကစ၍ ကိုးကန့်ဒေသ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့အတွင်း မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု MNDAA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ် ပွားခဲ့ရာ( သူပုန်အဖွဲ့၊ သူပုန်အမာခံ) ဟု ထင်ယောင်ထင်မှား သံသယရှိခံရသော ဒေသခံလူထု ၁၀၀ကျော် ပစ်သတ်ခံရသည်။ ထို့အပြင် ကိုးကန့်ဒေသခံလူထု ၄သောင်းထက်မနည်း တရုတ်နယ်စပ် ဒုက္ခသည်စခန်းသို့ တိမ်းရှောင်ကြရပြီး အောက်ပြည်အောက်ရွာမှ ကိုးကန့်ဒေသအတွင်း အလုပ်လာလုပ်ကြသူများ လားရှိုးသို့ ၁သောင်းကျော် တိမ်းရှောင်ခဲ့ကြပါသည်။

Most read this week