လူတိုင်း မှတ်ပုံတင် လုပ်ဖို့ သျှမ်း/တောင် လူထုအား ဝန်ကြီး စိုင်းအိုက်ပေါင်း ကွင်းဆင်း တိုက်တွန်း

လူတိုင်း မှတ်ပုံတင် လုပ်ဖို့ သျှမ်း/တောင် လူထုအား ဝန်ကြီး စိုင်းအိုက်ပေါင်း ကွင်းဆင်း တိုက်တွန်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် အစိုးရ သတ္တုတွင်း ဝန်ကြီး စိုင်းအိုက်ပေါင်းနှင့်အဖွဲ့ သျှမ်းပြည် တောင်ပိုင်း ဒေသခံများနှင့် ကွင်းဆင်း တွေ့ဆုံစဉ် ဒေသခံ တစ်ယောက်မကျန် မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းရှိဖို့အရေး တိုက်တွန်းပြောဆိုခဲ့သည်ဟု ခရီးစဉ်တွင် လိုက်ပါသည့် ယိင်းယိင်းက ပြောသည်။

“ဒေသခံလူထုကို မှတ်ပုံတင်သွားလုပ်ဖို့ ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက တိုက်တွန်းတယ်။ အိမ် ထောင်စုစာရင်းတွေ ပုံစံ ၁၀၅ တွေကိုလည်း အမြန်ဆုံးအကောင်အထည် ဖော်လုပ်ဆောင်ပေးဖို့ ဆိုင်ရာအာဏာပိုင်တွေကို တွေ့ဆုံပြီးတိုက်တွန်းတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ဒေသခံလူထုတို့ တင်ပြသော လမ်း၊ တံတားများ၊ ဝါးတားဂိတ်များ ကိစ္စကို ဝန်ကြီးက ကွင်းဆင်းလေ့လာခဲ့ကြောင်းလည်း ခရီးစဉ်တွင်လိုက်ပါခဲ့သူ မောက်မယ်ဒေသခံ  စိုင်းနွံက  ပြောဆိုသည်။

“လင်းခေးနဲ့မောက်မယ်ကြားက ကားလမ်းဆိုးရွားစွာ ပျက်စီးနေတာတွေ၊ တချို့နေရာတွေမှာ ၉ပေ အကျယ်လောက်သာရှိပြီးတော့ ပစ်စလက်ခတ်ခင်းထားတာတွေကိုပြုပြင်ပေးဖို့နဲ့  ရထားလမ်းအတွက် အသိမ်းခံရ လယ်ယာမြေတွေ ပြန်လည်စိုက်ပျိုး နိုင်အောင် ပြုပြင်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဝန်ကြီးက ပြောဆိုတိုက်တွန်းတယ်။  ဝါးတားဂိတ်လျှော့ချပေးဖို့  ကိစ္စကိုလည်း ပြောသွားတယ်။ ဝမ့်ဟတ်နဲ့ လင်းခေးဆိုတာက ဒေသတွင်းပဲမို့လို့ ဝါးတားဂိတ် မထားဖို့ပေါ့။ ဒီအကြောင်း  လွှတ်တော်မှာလည်း သွားရောက်တင်ပြပေးမယ် ပြောသွားတယ်” ဟုပြောသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် SNDP (ကျားဖြူပါတီ) ဥက္ကဌ ၊ သျှမ်းပြည်နယ် အစိုးရ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး စိုင်းအိုက်ပေါင်းသည် ဖေဖော်ဝါရီ ၂၈ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန် ဒေသခံများနှင့် ကွင်းဆင်းတွေ့ဆုံခဲ့စဉ် ပါတီ၏ မူဝါဒများကို လူထုအား ရှင်းပြခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကျားဖြူပါတီ အနိုင်ရကာ သျှမ်းပြည်နယ်အစိုးရ ဖွဲ့နိုင်ရေးအတွက် ထောက်ခံမဲပေးဖို့လည်း မဲဆွယ် စည်းရုံး ဟောပြောခဲ့သေးကြောင်း သိရသည်။