မြန်မာနိုင်ငံရှိ တိုင်းရင်းသားသတင်းမီဒီယာအဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် ချင်းပြည်နယ်မြို့တော် ဟားခါးတွင် မတ်လ ၁၈ ရက်နေ့မှ စတင်ကျင်းပမည်ဖြစ်သည်။
ဟားခါးမြို့ Carson ခန်းမ၌ မတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည့် တိုင်းရင်းမီဒီယာညီလာခံ ကို တိုင်းရင်းမီဒီယာ ၁၃ဖွဲ့ဖြင့် စုဖွဲ့ထားသော Burma News International (BNI) ဦးဆောင်မှုဖြင့် ၄င်း၏ အဖွဲ့ဝင် များဖြစ်သော ဒေသခံ Khonumthung Chin News ၊ Chin World Media တို့ပါ၀င်လျက် The Chinland Post ၊ Hakha Post တို့မှ ပူးပေါင်း ၀န်းရံပြီး ကျင်းပသွားမည်ဖြစ်သည်။
ညီလာခံသို့ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းတို့ တက်ရောက် ကြမည်ဟု သိရပြီး မြန်မာပင်မ မီဒီယာ၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား သတင်းအဖွဲ့၊ အရပ်ဖက်လူ့အဖွဲ့ အစည်း၊ နိုင်ငံရေးပါတီ၊ ဘာသာရေး အသင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ စုစုပေါင်း ၂၀၀ခန့် ဖိတ်ကြား ထားသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားသတင်းမီဒီယာများ ဖွံ့ဖြိုးအားကောင်းလာစေရေးအတွက်ရည်ရွယ်ကာ ၂၀၁၃ခုနှစ်မှစတင် ပြီး တိုင်းရင်းမီဒီယာညီလာခံကို BNI နှင့် သက်ဆိုင်ရာ ဒေသခံသတင်းမီဒီယာအဖွဲ့များမှ ဦးဆောင်ပြီး နှစ်စဉ်ကျင်းပ လာခဲ့ရာ ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ခုနှစ်တွင် မွန်ပြည် နယ် မော်လမြိုင်မြို့၊ ဒုတိယ ညီလာခံကို ၂၀၁၄ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့ တွင် ကျင်းပခဲ့ပြီးဖြစ်သည်။
ဟားခါးမြို့တွင် ကျင်းပမည့် တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ဆောင်ပုဒ်အဖြစ် “ Sustaining Ethnic Media in Myanmar ’’ ဟု ထားရှိခဲ့ကြပြီး ယင်းဆောင်ပုဒ်ကို ချိန်လျက် တိုင်းရင်းမီဒီယာတိုးတက်ရေးအတွက် မြန်မာပင်မ မီဒီယာ များ၏ တာဝန်၊ မီဒီယာ ဥပဒေ၊ ဖွံ့ဖြိုးရေးနှင့် စျေးကွက်၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်နှင့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် မီဒီယာ၊ ချင်းပြည်နယ် ပညာရေးအခြေအနေနှင့် စိန်ခေါ်မှု၊ လူ့အခွင့်အရေးနှင့် မီဒီယာ၊ အသွင်ကူးပြောင်းရေးကာလ မီဒီယာနှင့် ၄င်း၏ ကွန်ယက်များ တိုးတက်မှု၊ လူထုမီဒီယာ၊ ရေဒီယိုနှင့် တီဗွီ ထုတ်လွှင့်ရေးကဏ္ဍ စသည့် ခေါင်းစဉ်များအောက်တွင် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များက ဦးဆောင်ဆွေးနွေးသွားကြမည်ဖြစ်သည်။
BNI သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးအားကောင်းလာစေရေးရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသတင်းစုရပ်ကြီးတစ်ခုဖြစ်ပြီး BNI တွင် Khonumthung Chin News ၊ Chin World ၊ Narinjara ၊ Mizzima ၊ Shan Herald Agency for News ၊ Kachin News Group ၊ Independent Mon News Agency ၊ Network Media Group၊ Shwehintha ၊ Karen Information Center ၊ Kantarawaddy Times ၊ Thanlwin Times စသည့် တိုင်းရင်းသတင်းအဖွဲ့တို့ပါ၀င်သည်။